၁၀၂၇ စစ်ဆင်ရေး ဒုတိယနေ့အဖြစ် ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ် သံဘိုရွာက စစ်အုပ်စု တပ်စခန်းကို တအာင်းတပ်မတော် TNLAနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) – MDY PDF တို့ ပူးပေါင်းကာ တိုက်ခိုက်နေတယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။
နောင်ချိုမြို့နယ် သံဘိုရွာက စစ်အုပ်စု စခန်းကို ဒီနေ့ အောက်တိုဘာ(၂၈)ရက် မနက်(၆)နာရီကနေ စတင် တိုက်ခိုက်တာ ဖြစ်ပြီး လက်ရှိအချိန် (နေ့လည်(၂)နာရီ)အထိ တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်တယ်လို့ TNLA က ဆိုပါတယ်။
“၁၀၂၇ စစ်ဆင်ရေးအဖြစ်၊ အောက်တိုဘာ(၂၈)ရက်တွင် တအာင်းပြည်နယ်၊ တပ်မဟာ (၂)စစ်ဒေသ နောင်ချိုမြို့နယ် သံဘိုကျေးရွာရှိ စစ်ကောင်စီ တပ်စခန်းအား တအာင်းတပ်မတော် PSLF/TNLA+ MDY PDF ပူးပေါင်း တပ်ဖွဲ့တို့ ယနေ့ နံနက် (၆)နာရီအချိန်မှ ယခုအချိန်ထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်” လို့ TNLA က ဖော်ပြပါတယ်။
အောက်တိုဘာ(၂၆)ရက်ကလည်း နောင်ချိုမြို့နယ် သံဘိုကျေးရွာ နတ်စင်ကုန်းရှိ စစ်အုပ်စု တပ်စခန်း တစ်ခုကို TNLA က တိုက်ခိုက်ခဲ့ပြီး စခန်းသိမ်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် ညီနောင် မဟာမိတ်(၃)ဖွဲ့ ဖြစ်တဲ့ တအာင်း (PSLF/TNLA)၊ ကိုးကန့် (MNTJP/MNDAA)နဲ့ ရက္ခိုင် (ULA/AA) တို့က အာဏာသိမ်း စစ်အုပ်စုကို ထိုးစစ်ဆင် တိုက်ခိုက်တဲ့ Operation 1027 – ၁၀၂၇ စစ်ဆင်ရေးကို အောက်တိုဘာ(၂၇)ရက်မှာ စတင်ပြီလို့ ကြေညာပြီး လားရှိုး၊ ကွတ်ခိုင်နဲ့ လောက်ကိုင် အပါအဝင် ရှမ်းပြည်နယ် မြောင်ပိုင်းက စစ်အုပ်စု စခန်းတွေကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) – MDY-PDF ကလည်း ညီနောင်မဟာမိတ်(၃)ဖွဲရဲ့ “1027 စစ်ဆင်းရေး”ကို ထောက်ခံ ကြိုဆိုကြောင်းနဲ့ “တောင်သမန် စစ်ဆင်ရေး” ဖော်ဆောင်ကာ ညီနောင် မဟာမိတ်များနဲ့အတူ တိုက်ပွဲဝင်မယ်လို့ မနေ့က ထုတ်ပြန်ကြေညာထားပါတယ်။
၁၀၂၇ စစ်ဆင်ရေး စတင်တဲ့ မနေ့က တစ်ရက်တည်းမှာပဲ ရှမ်းပြည်နယ် မြောက်ပိုင်းက စစ်အုပ်စု စခန်း (၁၀)ခု ထက်မနည်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်အုပ်စု အလောင်း၊ လက်နက်နဲ့ ခဲယမ်းအများအပြား သိမ်းဆည်း ရရှိခဲ့တယ်လို့ ညီနောင်မဟာမိတ် (၃)ဖွဲ့က ဆိုပါတယ်။