လောင်းလုံးမြို့နယ်၊ မင်းရပ်ရွာကို စစ်ကောင်စီတပ်သားတွေဝင်ရောက်လာပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တစ်ဦးနဲ့ နောက်ထပ်ဒေသခံ အမျိုးသားတစ်ဦးတို့ကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူဟာ အသက် ၄၄ နှစ်အရွယ် ဦးအောင်ကျော်စိုးနဲ့ အသက် ၁၈ နှစ်အရွယ် ရွာခံလူငယ် ကိုစိုင်းသီဟကျော်တို့ဖြစ်ပါတယ်။
အောက်တိုဘာလ ၂၆ ရက် မနက် ၁၀ နာရီလောက်မှာ စစ်ကားနှစ်စီး မင်းရပ်ရွာအနီးကိုရောက်လာပြီး စစ်ကောင်စီတပ်သားအင်အားအများအပြားနဲ့ ခြေလျင်ရွာထဲကိုဝင်ရောက်လာကာဖမ်းဆီးသွားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဖမ်းဖို့အတွက်ကိုသေချာစီစဥ်ပြီးလာတာ။ အင်အားအပြည့်နဲ့ ဝိုင်းပြီးဖမ်းတာ” လို့ရွာခံတစ်ဦးကပြောပါတယ်။
ကိုအောင်ကျော်စိုးကို ဖမ်းဆီးပြီးနောက်သူရဲ့နေအိမ်ပေါ်မှာပဲ စစ်ကောင်စီတပ်သားတွေက ဝိုင်းဝန်းရိုက်နှက် နှိပ်စက်ခဲ့ကြတယ်လို့ ရွာခံတွေကပြောပါတယ်။
စစ်ကောင်စီတပ်သားတွေရွာထဲကို ဝင်ရောက်လာချိန်က အမျိုးသမီးတစ်ဦးအပါအဝင် စုစုပေါင်း ၆ ဦးကိုဖမ်းဆီးခေါ်ဆောင်ခဲ့တာပါ။ အဲဒီထဲက အမျိုးသမီးအပါအဝင် ၄ ဦးကိုတော့ ခဏအကြာမှာပဲ ပြန်လွှတ်ပေးခဲ့ပါတယ်။
အဲဒီစစ်ကောင်စီတပ်သားတွေဟာ နေ့လယ် ၁၂ နာရီလောက်မှာတော့ ကားတွေနဲ့ထားဝယ်ဘက်ကို ပြန်လည်ထွက်ခွာသွားတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
ဦးအောင်ကျော်စိုးဟာ NLD အစိုးရလက်ထက် တနင်္သာရီတိုင်းအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီး ဦးမြင့်စန်းရဲ့ ယာဥ်မောင်းအဖြစ် လုပ်ကိုင်ခဲ့ဖူးပါတယ်။
ဝန်ကြီး ဦးမြင့်စန်းကတော့ ထိုင်းနိုင်ငံမှာတိမ်းရှောင်နေရင်း အခုနှစ်မေလက ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။
စစ်အာဏာသိမ်းချိန်ကစလို့ တနိုင်ငံလုံးမှာ ဖမ်းဆီးခံထားရတဲ့ ပါတီဝင် ၁၇၆၉ ဦးရှိပြီလို့ ပြီးခဲ့တဲ့စက်တက်ဘာလ ၂၇ ရက်နေ့မှာထုတ်ပြန်တဲ့ NLD ပါတီရဲ့ ၃၅ နှစ်မြောက်နှစ်ပတ်လည်နေ့မှာ ဖော်ပြထားပါတယ်။