မနက်ဖြန်အရုဏ်တက်ချိန်မှာကျင်းပဖို့ စစ်ကောင်စီက စီစဥ်ထားတဲ့ ထားဝယ် သပိတ်မျှောပွဲနေရာရဲ့ မြစ်တဖက်ကမ်းမှာ ပေါက်ကွဲသံနဲ့ပစ်ခတ်သံတွေ အခုည ထွက်ပေါ် ခဲ့ပါတယ်။
အခုည ၁၀ နာရီခွဲဝန်းကျင်လောက်ကစလို့ ပေါက်ကွဲသံ ၃ ချက်ထက်မနည်း ထွက်ပေါ်ခဲ့ပြီး သေနတ်ပစ်ခတ်သံတွေဆက်တိုက်ကြားခဲ့ရတယ်လို့ ထားဝယ်မြို့ခံတွေနဲ့ လောင်းလုံးဒေသခံတွေက ပြောပါတယ်။
“လက်နက်ကြီးသံလိုပဲ။ ဘယ်ကပစ်နေမှန်းမသိဘူးဗျ။ ပထမတချက်ကတော့ တော်တော်ကြမ်းတယ်” လို့လောင်းလုံးဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
အလားတူ လောင်းလုံးမြို့နယ် သဲပုံတောင်ပေါ်မှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်သားတွေကလည်း သေနတ်အတွဲလိုက်တွေပစ်ခတ်နေတယ်လို့ အနီးအနားနေထိုင်သူတွေကပြောပါတယ်။
ပေါက်ကွဲသံထွက်ပေါ် ပြီးနောက်မှာ စစ်ကောင်စီတပ်သားတွေစီးနင်းလာတယ်လို့ ယူဆရတဲ့ကားတွေ မြို့ထဲမှာ အရှိန်ပြင်းပြင်းမောင်းနှင်သွားလာနေကြတယ်လို့ မြို့ခံတချို့ရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ဒီနေ့နေ့လယ်ပိုင်းကတည်းက အင်အား ၆၀ ကျော်လောက်နဲ့ ထားဝယ်မြစ်တဖက်ကမ်းက ကဘူ၊ ကမြောကြီး၊ သာယာကုန်း၊ အင်းဝန်း၊ မင်းရပ်နဲ့ ရွာဟောင်းဝရွာတွေက မြစ်နဲ့ကပ်နေတဲ့နေရာတွေမှာ နေရာယူထားပါတယ်။
စစ်ကောင်စီက စီစဥ်ကျင်းပမယ့် ထားဝယ်ရိုးရာသပိတ်မျှောပွဲကို စစ်သား၊ ရဲ အင်အားအများအပြားနဲ့ လုံခြုံရေးတင်းကြပ်ထားပါတယ်။