ကရင်နီ(ကယား)ပြည်နယ်ကိုစစ်ကြောင်းထိုးရန်ဖယ်ခုံ နယ်စပ်သို့ ရောက်ရှိနေသော စစ်ကောင်စီတပ်သားများ ရှမ်းပြည်နယ်မြောက်ပိုင်းသို့ တပ်ကူအဖြစ် သွားနေကြောင်း ဒေသခံသတင်းရင်းမြစ်အချို့က သတင်းပေးပို့ခဲ့ပါတယ်။
ပင်လောင်းနှင့်ဖယ်ခုံမြို့နယ်စပ်ရှိတောင်မဲသင်းရွာတွင် စစ်ကောင်စီက အောက်တိုဘာလ ဒုတိယပါတ်ကစ၍ အင်အား ၄၀၀ဖြင့် တပ်ဖြည့်ကာ ရောက်ရှိလာခြင်းဖြစ်သည်။
“မနေ့က(အောက်တိုဘာ ၂၈ ရက်) နေ့လယ်ပိုင်းလောက်က ကားခြောက်စီးနဲ့ PNO(ပအိုဝ်းပြည်သူ့စစ်)က ကားတွေလည်းပါတယ်။ တောင်ကြီး ကို ပြန်တက်ရမယ်ဆိုပြီး ထွက်သွားတာ”ဟု ပင်လောင်းမြို့ခံတစ်ဦးက ပြောသည်။
ထို့အတူ တောင်မဲသင်းကျေးရွာတွင် အထိုင်ချတပ်စွဲရန်ရောက်ရှိပြီး ယခု ပြန်လည်ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်ရင်းများအနက် ရှမ်းပြည်နယ်မြောက်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၁၂) နှင့် တပ်မ ၃၃ လက်အောက်ခံတပ်ရင်းများပါဝင်နေသည်ဟု ဖယ်ခုံအခြေစိုက် စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အောက်တိုဘာ ၂၇ ရက်မနက်အစောမှ စ၍ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က စစ်ဆင်ရေး ၁၀၂၇ အဖြစ် စစ်ကောင်စီ တပ်စခန်းများစွာကိုဆင်တိုက် ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နေသည်။ စစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီးပစ်ကူ အများအပြားအသုံးပြု တုံ့ပြန်နေပြီး စစ်ကူကားတန်းမှာ အောက်တိုဘာ ၂၇ ရင်တွင် ရပ်စောက်မှ ထွက်လာနေဆဲဖြစ်ကြောင်းသိရသည်။ထိုအပြင် စစ်တပ်က တပ်မ ၃၃ နှင့် ၅၅ ကို စစ်ကူပို့ရန် စီစဥ်နေကြောင်းသတင်းရရှိသည်။ကလောအခြေစိုက် တပ်မ ၅၅ လောက်အောက်ရှိ စစ်တပ်မှာ ကရင်နီ ဒေသတိုက်ပွဲများသို့စစ်ကူသွားရင်း ကရင်နီတပ်များ၏ တိုက်ခိုက်မှုကြောင့် အရာရှိများအဝသ်အဝင် သေဆုံးထိခိုက်မှုများကာ အထိနာခဲ့သောတပ်မဖြစ်သည်။