ရှမ်းပြည်နယ်၊ မြောက်ပိုင်း ၊ သန္နီမြို့ပြင် အဝင်အထွက် နှင့် ဂိတ်များ အားလုံးကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်လိုက်ပြီး သန္နီမြို့ထဲတွင်လည်း ရဲစခန်း၊ ရုံးများမှ စစ်တပ်နှင့်ရဲများ စွန့်ခွာကာ စစ်တပ်တပ်ရင်းများတွင် စုစည်း ခုခံ ကာ ကွယ်ရန်သာ ပြင်ဆင်နေကြကြောင်း ဒေသပြည်သူများနှင့် စစ်တပ် သတင်း ရင်းမြစ်များထံမှ သိရှိရသည်။
အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်ပြီး သန္နီမြို့ ပြင် ပတ်လည်ရှိ စခန်းများ၊ စခန်းကုန်းများမှ စစ်တပ်များ အထိအခိုက် သေဆုံးမှုများစွာဖြင့် မြို့ထဲသို့ ဆုတ်ခွာလာပြီး မြို့ထဲတွင်ပါ ပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း၊ ယခုအခါ ရဲစခန်း၊ လ၀ကရုံး၊ ထွေအုပ်ရုံးများမှ စစ်တပ်နှင့်ရဲများကို တပ်ရင်း တပ်ဖွဲ့ များထံသို့ ပြန်လည်စုစည်းနေကြောင်း သိရှိရသည်။
” မြို့ပြင်နဲ့ အဝင်အထွက်တွေမှာရှိတဲ့ စစ်ကြောင်းတွေ မြို့ထဲဘက်ကို ပြန်စု နေတယ်။ မြို့ထဲမှာလည်း ရဲစခန်းလိုနေရာတွေ၊ ရုံးတွေကနေ အကုန်ဆုတ် ခွာပြီးတော့ တပ်ရင်းတပ်ဖွဲ့တွေမှာ အင်အားသွားပေါင်းနေတယ်။ တိုက်ပွဲက အောက်တိုဘာ ၂၇ ကနေ ဒီနေ့အထိ တောက်လျှောက်ပါပဲ” ဟု တပ်သတင်း ရင်းမြစ်က ပြောသည်။
သန္နီဒေသပြည်သူများကမူ ၃ ရက်ဆက်တိုက် တိုက်ပွဲများဖြစ်ပွားနေသဖြင့် မြို့ထဲနှင့် မြို့ပြင်တွင် အသွားအလာ နည်းပါးနေပြီး ပြည်သူများစိုးရိမ် နေကြ ကြောင်း၊ ထွက်ပြေးရန်လည်း မလွယ်ကူဘဲ အပြန်အလှန် ပစ်ခတ်မှုများ ၃ ရက်လုံး ဆက်တိုက်ဖြစ်ပေါ်နေကြောင်း ပြောဆိုကြသည်။