ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ် စီစဉ်သည့် Freedom Tattoo Campaign မှ ယူရိုငွေပေါင် ၁သိန်း ရရှိရန် ရည်ရွယ်ထားပြီး စစ်ရှောင်ပြည်သူများနှင့် မတရားဖမ်းဆီးခံထားရသူများကို ကူညီထောက်ပံ့နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကိုထိန်လင်းက ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည့်အခြေအနေများကို ကမ္ဘာကအာရုံစိုက်လာအောင် Freedom Tattoo Campaign ကို လုပ်ဆောင်ခြင်းဖြစ်ပြီး ကမ်ပိန်းကာလကို အောက်တိုဘာလ ၃၀ ရက်နေ့မှ ဒီဇင်ဘာလ ၃ ရက်နေ့အထိ သတ်မှတ်ထားကြောင်း ကိုထိန်လင်းက ပြောကြားသည်။
“ဒီကမ်ပိန်းကြောင့် ကမ္ဘာ့ပြည်သူတွေ မြန်မာ့အရေးကို အာရုံစိုက်လာမယ်လို့ မျှော်လင့်ပါတယ်” ဟု ကိုထိန်လင်းက ဆိုသည်။
ယခုကမ်ပိန်းတွင် ပါဝင်လှူဒါန်းလိုသူများအနေနှင့် Go Fund Me ဝက်ဘ်ဆိုက်တွင် Freedom Tattoo for Burma Aid (https://gofund.me/3af0d9d6)ဟု ရိုက်ကာ ယင်းကမ်ပိန်းစာမျက်နှာမှတစ်ဆင့် လှူဒါန်းနိုင်ကြောင်း ကိုထိန်လင်းက ရှင်းပြသည်။
Freedom Tattoo Campaign တွင် Go Fund Meမှ တစ်ဆင့် ငွေကြေးလှူဒါန်းနိုင်သည့်အပြင် တက်တူးပုံပါသည့် တီရှပ်ကိုလည်း လာမည့်သောကြာနေ့(နိုဝင်ဘာလ ၃ ရက်နေ့)တွင် ဝယ်ယူခြင်းဖြင့် ကမ်ပိန်းတွင် ပါဝင်နိုင်ကြောင်း၊ ယင်းအပြင် ကိုထိန်လင်း ထိုးထားသည့် တက်တူးပုံကိုလည်း ထိုးနိုင်သည့်အပြင် မိမိစိတ်ကြိုက်တက်တူးပုံများကိုလည်း ထိုးနိုင်ကြောင်း ယင်းကမ်ပိန်းအစီအစဉ်အရ သိရသည်။
အဆိုပါကမ်ပိန်းကို Freedom Tattoo Campaign facebook စာမျက်နှာတွင်လည်းကောင်း၊ Go Fund Me မှ Freedom Tattoo for Burma Aidတွင် လည်းကောင်း၊ ကိုထိန်လင်း၏ လူမှုကွန်ရက်အကောင့်များဖြစ်သော kimaris_hteinlin( Instagram Account) နှင့် Kim Aris-Htein Lin (Facebook Account)တို့တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရှိရပါသည်။
ယခုကမ်ပိန်းမှတစ်ဆင့် မြန်မာပြည်သူများကို အများကြီးကူညီနိုင်မည်ဟု မျှော်လင့်ကာ ကမ္ဘာ့ပြည်သူများကလည်း မြန်မာနိုင်ငံကို ကူညီလာကြလိမ့်မည် မျှော်လင့်ကြောင်း၊ ယင်းကြောင့် ပြည်သူများအနေနှင့် ယခု Freedom Tattoo Campaign တွင် ပါဝင်လှူဒါန်းပေးကြပါရန် တောင်းဆိုလိုကြောင်း၊ မိမိချစ်မြတ်နိုးရ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်းက ရန်ကုန်ခေတ်သစ်မီဒီယာကတစ်ဆင့် ပြည်သူများကို တိုက်တွန်းပြောကြားသည်။