ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ဖမ်းဆီးခံရတဲ့ CDM ဆရာ၀န် တစ်ဦးနဲ့ သူနာပြု ၂ ဦးဟာ ဒီနေ့ အောက်တိုဘာ ၃၁ ရက်နေ့အထိ မိသားစုနဲ့ အဆက်အသွယ် မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့မှာ မိုင်းပျိုးကျေးရွာက ဆရာဝန်နဲ့ သူနာပြု ဇနီးမောင်နှံ ၂ ဦး၊ အောက်တိုဘာလ ၁၇ ရက်နေ့မှာ ရွာကြီးတောင်ကျေးရွာက သူနာပြု အမျိုးသမီး တစ်ဦး၊ စုစုပေါင်း ၃ ဦး ဖမ်းဆီးခံရပြီးနောက် တောင်ကြီးမြို့၊ အမှတ် (၁) ရဲစခန်းမှာ ချုပ်နှောင်ထားပေမယ့် မိသားစုနဲ့ တွေ့ခွင့် မရဘူးလို့ ဆိုပါတယ်။
“ရွာကြီးတောင်က တစ်ယောက်က နန်းပန်ဆေးရုံမှာ လုပ်တာ။ သားလေး တစ်ယောက် ရှိတယ်။ သူ့ယောကျ်ားက ဆုံးသွားတာ ၁၀ လလောက်ပဲ ရှိသေးတယ်။ ခက်ခက်ခဲခဲ ရုန်းကန်နေရတာကို ဖမ်းသွားတာ။ မိုင်းပျိုးက ဆရာဝန် လင်မယားတော့ မသိဘူး” လို့ နီးစပ်သူ အမျိုးသား တစ်ဦးက ပြောပါတယ်။
သူတို့ ၃ ဦးကို တောင်ကြီး၊ အမှတ် (၁) ရဲစခန်းမှာ ချုပ်နှောင်ထားပေမယ့် မိသားစုဝင်တွေနဲ့ တွေခွင့်မရလို့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ) စစ်ကြောရေးစခန်း ပို့လိုက်မှာ စိုးရိမ် ပူပန် နေကြပါတယ်။
စစ်အာဏာသိမ်းပြီး နောက်ပိုင်း အင်းလေးဒေသက ဝန်ထမ်း အများစု CDM လုပ်ပေမယ့် စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေး ဝန်ကြီးဌာနက သူတို့ ၃ ဦးကိုသာ သတိပေးစာ မကြခဏ ပေးပို့ခဲ့ပြီး ကျန်တဲ့ CDM ဝန်ထမ်းတွေကိုတော့ စာပေးပို့တာ မရှိဘူးလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ရွာကြီးတောင် ဒေသခံ တစ်ဦးက “CDM လုပ်ထားတာက လွဲရင် ဘာမှ နိုင်ငံရေး မလုပ်တာကို ဖမ်းခံရတာ။ သူလည်း ကြောက်ပြီး ရှောင်နေတာကို ဘယ်လို သတင်းရလဲ မသိဘူး။ အခု တစ်မိသားစုလုံးပါ ရှောင်နေရတယ်။ သူ့အဒေါ် ပြောတာတော့ အမှတ် (၁) ကို သွားတွေ့တာ တွေ့ခွင့်မရဘူးတဲ့” လို့ ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့ကလည်း အင်းလေးဒေသ ဆည်ခေါင်းကျေးရွာ စာသင်ကျောင်းက CDM ကျောင်းအုပ် တစ်ဦး၊ လက်ထောက် တစ်ဦးနဲ့ ကျောင်းကော်မတီဝင် ၃ ဦးကို စစ်ကောင်စီက အင်အားသုံး ဖမ်းဆီးခဲ့ပြီး ၂ နှစ် ထောင်ချကာ ပြန်လွှတ်ပေးခဲ့တယ်လို့ စုံစမ်း သိရပါတယ်။