စစ်တပ်အာဏာသိမ်းထားတဲ့ ရက်ပေါင်းတစ်ထောင်ကျော် မှာ သေဆုံးရသူပြည်သူ လေးထောင်ကျော်ရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP ) ရဲ့ စာရင်းအရသိရပါတယ်။
အဲဒီစာရင်းဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်အထိဖြစ်ပါတယ်။
သေဆုံးရသူပြည်သူ လေးထောင်ကျော်မှာ အမျိုးသမီး ၆၃၀ ဦး နဲ့ ကလေးသူငယ် ၄၇၆ ဦး ပါဝင်တယ်လို့သိရပါတယ်။
ဒါအပြင် ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသူ ဦးရေ ၁၅၀၇ ဦးရှိတယ်လို့ AAPP ကဆိုပါတယ်။
စစ်တပ်အာဏာသိမ်းထားတဲ့ကာလအတွင်း အရပ်သားသေဆုံးမှုအများဆုံးဒေသဟာ စစ်ကိုင်းတိုင်းဖြစ်ပါတယ်။စစ်ကိုင်းတိုင်းမှာ လူနှစ်ထောင်နီးပါး သေဆုံးခဲ့ရတယ်လို့သိရပါတယ်။
မန္တလေး ၊ မကွေး၊ ရန်ကုန်၊ ပဲခူး တိုင်းတို့လည်း စစ်တပ်လက်ချက်နဲ့ အရပ်သား သေဆုံးမှုမြင့်မားတဲ့ဒေသတွေဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် စစ်တပ်အာဏာသိမ်းထားတဲ့ ရက်တစ်ထောင်ကျော်ကာလအတွင်းမှာ လူပေါင်းနှစ်သောင်းခွဲကျော် ဖမ်းဆီးခံခဲ့ရပါတယ်။