ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး ၇ ရက်မြောက်နေ့ နံနက်ပိုင်းအချိန် ကိုးကန့်ဒေသမှ စစ်တပ်စခန်း ၂ ခုကို MNDAA က ထပ်မံသိမ်းပိုက်ရရှိကြောင်း MNDAA ပြန်ကြားရေးက တာဝန်သတင်းထုတ်ပြန်သည်။
ယနေ့နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၆ နာရီ ၁၂ မိနစ်နှင့် နံနက် ၇ နာရီ ၄၂ မိနစ်အချိန် MNDAA က ကိုးကန့်ခရိုင် ၊ တုန်ရှမ်းဒေသရှိ စစ်ကောင်စီတပ်ဖွဲ့၏ တပ်စခန်းနှစ်ခု ကို သိမ်းပိုက်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တပ်စခန်း ၂ ခုမှ လက်နက်ခဲယမ်း အမြောက်အမြား ရရှိကြောင်း MNDAA ပြန်ကြားရေးက ဗီဒီယိုနှင့်တကွ သတင်းထုတ်ပြန်ခဲ့သည်။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့တွင် ပါဝင်တိုက်ခိုက်နေသော PDF တပ်သတင်းရင်းမြစ်ကမူ ၇ ရက်အတွင်း စစ်တပ်စခန်း စုစုပေါင်း ၉၀ ကျော် ၁၀၀ နီးပါး တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီဟု သိရှိထားကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“အခု တိုက်ခိုက်သိမ်းပိုက်ထားနိုင်တဲ့ စစ်စခန်း အရေအတွက်က ၉၀ ကျော်နေပါပြီ။ ၁၀၀ နီးပါးပါပဲ။ နေ့တိုင်း စစ်ဆင်ရေး တွေရှိနေပါတယ်” ဟု PDF သတင်းရင်းမြစ်က ပြောဆိုသည်။