ကရင်ပြည်နယ် ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းအချို့ကို ကရင်အမျိုးသားအစည်းအရုံး(KNU)၊ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများက ပြောသည်။
ကော့ကရိတ်မြို့တွင် ယနေ့ နံနက် ၅နာရီခန့်မှစတင်ပြီး တိုက်ပွဲဖြစ်နေခြင်းဟု ဒေသခံများကပြောသည်။
” တိုက်ပွဲဖြစ်နေတာအခုထိ ကြားနေရတယ်။ အရပ်သား ထိခိုက်မှုတွေလည်း ရှိနေပါတယ်” ဟု ဒေသခံတစ်ဦးက နံနက် ၉နာရီခွဲတွင် ပြောသည်။
ထို့အပြင် ကြာအင်းဆိပ်ကြီးမြို့တွင်လည်း ယမန်နေ့(နိုဝင်ဘာလ ၁ရက်) ည ၈နာရီမှစ၍ တိုက်ပွဲဖြစ်နေပြီး ယနေ့ နံနက် ၉နာရီခွဲအထိ ပစ်ခတ်သံများကြားနေရကြောင်း မြို့ခံတစ်ဦးက ပြောသည်။
” မြို့ထဲတင် ချနေတာ။ အပြင်ကို လုံးဝထွက်မရဘူး။ ပုန်းနေရတယ်။ တိုက်ပွဲက ဆက်မှာလို့ ကြားနေရတယ်”ဟု ကြာအင်းဆိပ်ကြီးမြို့ခံတစ်ဦးက ပြောသည်။
၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ဒေသပေါင်းစုံမှ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် စစ်ကောင်စီတပ်စခန်းများ၊ စစ်ဖက်နှင့် သက်ဆိုင်သောစခန်းများကို တပြိုင်နက်တည်း တိုက်ခိုက်ကြရန် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က အောက်တိုဘာ ၃၁ရက်တွင် တိုက်တွန်းထားသည်။