ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်၊ ကောင်းဟော်ရွာဘက်ကို ဒီကနေ့ နေ့လယ်ပိုင်းက တိုက်ပွဲ မဖြစ်ဘဲ စစ်ကောင်စီက ရဟတ်ယာဥ်နဲ့ လာပစ်သွားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၂ ရက်၊ နေ့လယ် ၁၂ နာရီ၀န်းကျင်က သိန္နီမြို့ အနီးက ကောင်းဟော်ကျေးရွာအုပ်စု ဘက်ကို ပစ်ခတ်သွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ညီနောင်အဖွဲ့က အဲ့ဖက်ကို တိုက်နေတာလား မပြောတတ်ဘူးဗျ ။ စကခ ၁၆ တို့၊ ၆၉ တပ်တို့တော့ရှိတယ်” လို့ သူကရှင်းပြပါတယ်။
ရဟတ်ယာဥ်နဲ့ ပစ်ခတ်မှုကြောင့် လူထိခိုက်မှု ရှိမရှိကိုတော့ မဲခေါင်သတင်းဌာန အနေနဲ့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ဒီကနေ့ မနက် ၂ နာရီခွဲမှာလည်း စစ်ရှောင်တွေ ခိုလှုံနေတဲ့ သိန္နီမြို့လယ် ဘုန်းကြီးကျောင်းရှေ့က သာသနာ့ ဗိမာန်ကို လက်နက်ကြီး ထိမှန်ခဲ့ပေမဲ့ ဘယ်အဖွဲ့က ပစ်တာလဲ ဆိုတာတော့ မသိဘူးလို့ မြို့ခံ တစ်ဦးက ပြောပါတယ်။
လက်ရှိ မြို့တွင်းမှာတော့ စစ်ကောင်စီတပ်တွေ မရှိတော့ပေမဲ့ တိုက်ပွဲ ထပ်ဖြစ်လာမှာ စိုးရိမ်တဲ့ မြို့ခံအများစုဟာ ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေး ဆက်လက် တိမ်းရှောင်နေတယ်လို့ သိရပါတယ်။
ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေး အတွင်း ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီ၊ ပန်ဆိုင်း၊ ကွမ်းလုံမြို့ အပါအ၀င် စစ်ကောင်စီတပ် စခန်းပေါင်း ၁၀၀ နီးပါး သိမ်းပိုက် ထိန်းချုပ်ထားနိုင်ပြီလို့ ညီနောက်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကလည်း ချင်းဟော်ရွှေ၊ ဖောင်းဆိုင် နဲ့ ကြူကုတ်(ပန်ဆိုင်း) မြို့တွေကို လက်လွှတ်ထားရတယ်လို့ ၀န်ခံထားပါတယ်။
စစ်တပ်၀ါဒဖြန့် ချန်နယ်တွေမှာတော့ ကွမ်းလုံနဲ့ သိန္ဒီမြို့တွေကို စစ်ကောင်စီဘက် ထိန်းချုပ်ထားဆဲဖြစ်ပြီး ညီနောင်မဟာမိတ်အဖွဲ့တွေ မသိမ်းနိုင်သေးဘူးလို့ ၀ါဒဖြန့် ရေးသားနေပါတယ်။