မြိတ်မြို့က မီးပွိုင့်လမ်းဆုံ နေရာအတော်များများနဲ့ အချက်အချာကျတဲ့ လမ်းနေရာတွေမှာ စစ်ကောင်စီက ဘယ်ရီဂိတ်တွေလိုက်ချပြီး လမ်းပိတ်ဖို့ပြင်ဆင်နေတယ်မြိတ်မြို့ခံအချို့က ပြောပါတယ်။
ဘယ်ရီဂိတ်လို့ခေါ်တဲ့ သံဆူးကြိုးပါ လုံခြုံရေးအတားအဆီးအကာတွေ လိုက်ချနေရာတွေကတော့ ကန်ဖျားလမ်းဆုံ၊ ရွှေနှင်းဆီလမ်းဆုံ၊ ရွှေပြည်တန်လမ်းဆုံ၊ အဝေးပြေးကားဝင်းအသစ်လမ်းထိပ်၊ မြို့သစ်မီးပွိုင့်လမ်းဆုံ၊ ရေပုန်းမီးပွိုင့်လမ်းဆုံ ဂဏန်းရုပ်လမ်းဆုံ အရှေ့သိမ်လမ်းဆုံ နဲ့ ကရာနီလမ်းဆုံတို့မှာ ဖြစ်တယ်လို့ မြိတ်မြို့ ခံတွေဆီက သိရပါတယ်။
“အခု ဂိတ်ချဖို့ လုပ်နေတဲ့နေရာတွေကို ခြုံကြည့်ရတာ မြို့ပတ်လမ်း တစ်ကျောလုံးကို ပိတ်ချနိုင်ပါတယ်။ ကျနော်တို့တွေကတော့ သတိထားပြီး စောင့်ကြည့်နေပါတယ်” လို့ မြိတ်မြို့၊ ကန်ဖျားရပ်ကွက်မှာ နေထိုင်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။
မြိတ်မှာ ပြီးခဲ့တဲ့ သီတင်းကျွတ်ကာလ အောက်တိုဘာ၂၇ ကနေ ၂၉ ရက်အထိ စစ်ကောင်စီက လုံခြုံရေးလျှော့ချထားပြီး ဆိုင်ကယ်ကို အမျိုးသားနှစ်ယောက်စီးသူတွေကိုလည်း ဖမ်းဆီးတာမျိုးမလုပ်ခဲ့ပါဘူး။
“အခုလို ရက်ပိုင်းလောက်ငြိမ်နေပြီးမှ လုံခြုံရေးဂိတ်တွေချလာတယ်ဆိုတော့ ဘာဖြစ်လာမလဲ မသိတော့ သတိထားသွားလာနေရတယ်” လို့ ကန်ဖျားရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသားက ဆိုပါတယ်။