စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စစ်ရေးတင်းမာနေတဲ့ သရက်ချောင်းမြို့နယ်ထဲက ထားဝယ်-မြိတ်ကားလမ်းကို ညဘက် ခရီးမသွားကြဖို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မနေ့က ကြေညာချက်ထုတ်ပါတယ်။
အဲဒီထုတ်ပြန်စာမှာ ည ၇ နာရီကနေ မနက် ၅ နာရီအတွင်း မသွားလာကြဖို့မေတ္တာရပ်ခံထားတာပါ။
“အခုရက်ပိုင်း ညဘက်၊ အိမ်စီးကားတွေနဲ့သွားလာနေတယ်။ ကျနော်တို့ဘက်ကလည်း တိုက်ခိုက်ဖို့ကို စကစလား ပြည်သူလား ခွဲမရဘူးဖြစ်လာတယ်” လို့သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်တစ်ဦးက ပြောပါတယ်။
သရက်ချောင်းမြို့နယ်မှာ ပြီးခဲ့တဲ့လ နောက်ဆုံးပတ်အတွင်း သရက်ချောင်းရဲစခန်း၊ ရောင်းမော်ရွာက ပျူစောထီးစခန်းနဲ့ သရက်နှစ်ခွရွာအနီးက ဥတ္တူတံတားစစ်ဆေးရေးဂိတ်တို့ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက သွားရောက် တိုက်ခိုက်ခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့လ ၃၀ ရက်ညပိုင်းကလည်း ပန်းပြင်ရွာအနီးမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါသေးတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ တိုက်ခိုက်ရာမှာပါဝင်တဲ့ ရဲဘော်တစ်ဦးက ပြောပါတယ်။
အဲဒီဖြစ်စဥ်တွေဖြစ်ပွားပြီးနောက် ပြီးခဲ့တဲ့လ လကုန်ပိုင်းမှာ သရက်ချောင်းမြိုနယ်၊ သဲချောင်းကြီးရဲစခန်းကို စစ်ကောင်စီတပ်သား အင်အား ၅၀ လောက်က ကားတွေနဲ့ ရောက်လာခဲ့ပါတယ်။ အဆိုပါစစ်ကောင်စီတပ်သားတွေထဲက အင်အား၂၀ လောက်ဟာ ဝင်းဝရွာဘက်ကို ဒီနေ့မနက်ပိုင်းမှာ ခြေလျှင်ဆင်းလာနေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
ပကဖရဲ့ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီယာဥ်တွေနဲ့အတူသွားလာတာ မလုပ်ကြဖို့နဲ့ အဲဒီလိုသွားလာတာကြောင့် ထိခိုက်ဆုံးရှုံးမှုတွေဖြစ်လာရင် တာဝန်ယူဖြေရှင်းပေးမှာ မဟုတ်ဘူးလို့ သတိပေးရေးသားထားပါတယ်။
ဒါ့အပြင် အခုကြေညာချက်ကို နောက်ထပ်ကြေညာချက်တခုမထုတ်ပြန်ခင်အချိန်အထိ လိုက်နာပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။