ရှမ်းပြည်နယ် မုံးကိုးဒေသရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက ယနေ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကျေးရွာရှိ အဆောက်အဦးအချို့မီးလောင်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်ကပြောပြသည်။
ကိုးကန့်တပ်မတော်(MNDAA)အပါအဝင် မဟာမိတ်တပ်များက ‘၁၀၂၇ စစ်ဆင်ရေး’အတွင်း မုံးကိုးရှိ စစ်ကောင်စီတပ်စခန်းအများအပြားကို သိမ်းပိုက်ပြီးနောက်လေကြောင်း တိုက်ခိုက်မှု ပြန်လည်လုပ်ဆောင်လာခြင်း ဖြစ်သည်။
“ဒီနေ့ မုံးကိုဘက် ဗုံးကြဲတာ လေးကြိမ်ရှိပြီ။ ရွာထဲ ဗုံးကျပြီး မီးလောင်တယ်။ ရွာတွေကိုပစ်မှတ်ထားတိုက်ခိုက်တာ ဟုတ်တယ်။ ထိခိုက်မှုတော့ မကြားရသေးဘူး”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။
‘၁၀၂၇ စစ်ဆင်ရေး’ကြောင့် အထိနာနေသည့် စစ်ကောင်စီတပ်သည် ကိုးကန့်ဒေသနှင် တအာင်းဒေသရှိ ကျေးရွာများကို တိုက်ပွဲမရှိဘဲ လေကြောင်း တိုက်ခိုက်မှု လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်ခဲ့၍ နေအိမ်ပျက်စီးမှုများ ရှိခဲ့ပြီး အရပ်သားပြည်သူ သေဆုံးထိခိုက်မှုရှိခဲ့သည်။