ယခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းများတွင် တိုက်ပွဲတိုင်း၌ အရေးနှိမ့်နေသည့် စစ်ကောင်စီသည် ယမန်နေ့က KIA နှင့် PDF အဖွဲ့ဝင်အချို့ အလင်းဝင်လာကြောင်းဝါဒဖြန့်ပြီး ယနေ့လည်း KIA က ရထားလမ်းကားလမ်းများကို ဖောက်ခွဲဖျက်ဆီးကြောင်း ၎င်းတို့၏ ဝါဒဖြန့်မီဒီယာများမှတဆင့် ဖော်ပြနေသည်။
အရပ်သားများ ဆယ်ချီသေကြေစေသည့် စစ်ရှောင်စခန်းနှင့် ကျေးရွာများသို့ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည့် စစ်ကောင်စီသည် KIA မှ စစ်ရေးပစ်မှတ် မဟုတ်သည့် လမ်းတံတားများကို ပစ်မှတ်ထား ဖျက်ဆီးသည်ဟု ဝါဒဖြန့်သည်။
တိုက်ပွဲတိုင်းတွင် အရေးနှိမ့်ပြီး စခန်းများသိမ်းပိုက်ခံေနရသည့် စစ်ကောင်စီသည် KIA ကို တန်ပြန်ချေမှုန်းမည်ဟု ပြောဆိုသည့်အပြင် ၎င်းတို့ ကြိုးကိုင်ထားသည့် မီဒီယာများမှတဆင့် ယခုလို ဆက်တိုက်ဝါဒဖြန့်လာသည်ကိုတွေ့ရသည်။
စစ်ကောင်စီထံ ဝင်ရောက်လာသည့် KIA နှင့် PDF အဖွဲ့ဝင်များဟုဆိုကာ စစ်ဝတ်စုံများဝတ်ဆင်ထားပြီး မပခ တိုင်းမှူးကိုယ်တိုင် လက်ခံကြိုဆိုသည့် ပုံဖြစ်နေသည်။
ထို့အပြင် အလင်းဝင်ရောက်လာသူများ၏ မျက်နှာများကို ဖုံးထားပေးသည်။
ယခင်က အလင်းဝင်ရောက်လာကြောင်း စစ်တပ်က ဝါဒဖြန့်လျှင် အလင်းဝင်ရောက်လာသူများကို စစ်ယူနီဖောင်းဖြင့် ဖော်ပြခဲ့ခြင်းမရှိသလို၊ မျက်နှာဖုံးအုပ်ထားပေးခြင်းလည်း မလုပ်ခဲ့ဘဲ ဗီဒီယို အင်တာဗျူးများဖြင့် ဖော်ပြခဲ့ကြသည်။
အဆိုပါအလင်းဝင်သည့် ကိစ္စနှင့်ပတ်သက်၍ ကေအိုင်အို၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကလည်း မဟုတ်မှန်ကြောင်း သတင်းမီဒီယာများမှာ ပြောကြားထားသည်။