သေဒဏ်နဲ့ ထောင်ဒဏ် တစ်သက် ကျခံနေရသူတွေကို မနက်ဖြန်( နိုဝင်ဘာလ ၅ ရက်) ကစတင်ပြီး စစ်ကောင်စီဘက်က ထောင်ဝင်စာဧည့်တွေ့ခွင့်ပေးမယ်လို့ နိုင်ငံရေးအကျဉ်းသားအရေးကူညီပေးနေသူတွေထံကစုံစမ်းသိရပါတယ်။
ကနဦးအနေနဲ့ အင်းစိန် ထောင်နဲ့ မန္တလေး အိုးဘိုထောင်တွေမှာ အကျဉ်းကျခံနေရတဲ့ သေဒဏ်နဲ့ ထောင်ဒဏ်တစ်သက် ကျခံတွေကို ဧည့်တွေ့ခွင့်ပေးမှာပါ။
“မိသားစုတွေကို သီးသန့်အကြောင်းကြားတာမရှိသေးပေမယ့် မိသားစုဝင်တွေကတော့ သွားစောင့်ကြမှာပါ” လို့ နိုင်ငံရေးအကျဉ်းသားများကွန်ယက်ရဲ့တာဝန်ခံ ကိုသိုက်ထွန်းဦးက ဆိုပါတယ်။
သေဒဏ်နဲ့ ထောင်ဒဏ်တစ်သက်ကျနေသူတွေကို တစ်လလျှင်နှစ်ကြိမ် ထောင်ဝင်စာ ဧည့်တွေ့ခွင့်ရမယ်လို့လည်းသိရပါတယ်။
၃ နှစ်ကျော်ကြာ ပိတ်ပင်ထားတဲ့ ထောင်ဝင်စာဧည့်တွေ့ခွင့်ကို စစ်ကောင်စီဟာ ပြီးခဲ့တဲ့အောက်တိုဘာလ ၂၄ ရက်ကစတင်ပြီး ပြန်လည်ဖွင့်ပေးခဲ့တာပါ။
ဒါပေမယ့် တစ်ပတ်အတွင်း ပြုလုပ်ထားတဲ့ ရပ်ကွက်ထောက်ခံစာ ၊ရဲစခန်း ထောက်ခံစာတွေ ယူဆောင်လာရမယ်ဆိုပြီး ကန့်သတ်မှုတွေ ပြုလုပ်ထားကြောင်းသိရပါတယ်။