ကောလင်းမြို့တွင်း စစ်ကောင်စီတပ်ခုခံတပ်စွဲထားသည့် နေရာနှစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကဆက်လက်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်က အရပ်သားများကို အကာအကွယ်ယူ၍ မြို့ပေါ်ရပ်ကွက်များကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေဆဲဖြစ်သည်။
ကောလင်းမြို့ပေါ်မှ စစ်ကောင်စီတပ်စွဲထားသည့်နေရာများကိုတော်လှန်ရေးတပ်ဖွဲ့များက နိုဝင်ဘာလ ၃ရက်နံနက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့ (နိုဝင်ဘာလ ၅ရက်)သည် မြို့ပေါ်တိုက်ပွဲ သုံးရက်မြောက်နေ့ဖြစ်သည်။
ယနေ့ နံနက်ပိုင်းမြို့ပေါ်အခြေနေကို ဒေသခံတစ်ဦးက “စစ်တပ်က ကျောင်းကြီး( အထကကျောင်း)နဲ့ မြို့ပေါ်က အထက်မြင့်တိုက်တစ်ခုကနေ ခုခံနေပါတယ်။ အရပ်သားတွေကို အပြင်အထွက်မခံဘဲ ထွက်တာနဲ့ ပစ်ပါတယ်။ ကာကွယ်ရေးအဖွဲ့တွေက အဲ့နှစ်နေရာကို ရအောင်တိုက်နေပါတယ်။ ဒီမနက်လည်း လေကြောင်းကနေ လာနေပါတယ်” ဟု ပြောသည်။
စစ်ကောင်စီလေကြောင်းမှ တိုက်ခိုက်မှုကြောင့် လူနေအိမ်ပျက်စီးမှုများနှင့် အရပ်သားသေဆုံးမှုအချို့ရှိနေသော်လည်း ဖုန်းနှင့် အင်တာနက်လိုင်းအခက်အခဲကြောင့်မြေပြင်အခြေအနေကို အသေးစိတ် မသိနိုင်သေးပေ။ ဖုန်းနှင့် အင်တာနက်လိုင်းများကို စစ်ကောင်စီက ဖြတ်တောက်ထားခြင်းဖြစ်သည်။
“ကာကွယ်ရေးတပ်ဖွဲ့တွေကအရပ်သားတွေထိမှာစိုးလို့ အကန့်အသတ်နဲ့ လုပ်နေရတယ်။ စစ်တပ်က အရပ်သားကို လူသားတံတိုင်းလုပ်ထားပြီး ခုခံနေပါတယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
ယမန်နေ့က စစ်ကောင်စီတပ်ကဂျက်ဖိုက်တာဖြင့် ၇ ကြိမ်ထက်မနည်းလာရောက်ပစ်ခတ်ခဲ့ကြောင်း၊သို့သော်PDF များကျဆုံးမှုများနေသည်ဆိုသောသတင်းများမှာမဟုတ်သလို မီးလောင်ဗုံးကြောင့်ပြည်သူ၁၀၀ ကျော်သေပြီး မီးလောင်နေသည်ဆိုခြင်းမှာလည်းမဟုတ်ကြောင်းKawlin info က ယမန်နေ့ည သန်းခေါင်ယံတွင် ဖော်ပြသည်။ထို့အပြင် ရေကျော်မြောက်ကျောင်းနှင့်လေသာကျောင်းတို့မှာစစ်တပ်လေကျောင်းတိုက်ခိုက်မှုတွင်ထိမှန်သော်လည်း လူထိ့ခိုက်မှုရှိမရှိမသိရသေးပါ။
သို့သော်အိမ်မက်နန်းတော်ရှေ့ လမ်းပေါ်တွင် လူ ၂ဦး သေဆုံးနေခြင်းမှာမှန်ပြီးစစ်ကောင်စီတပ်က လမ်ပေါ်မဲမဲမြင်ရာ ပစ်၍ ဖြစ်ကြောင်း ဖော်ပြထားသည်။ထိုအပြင် ဝန်းသိုမှ စစ်ကောင်စီတပ် စစ်ကူလာသည်ဆိုခြင်းမှာလည်း မဟုတ်ကြောင်း Kawlin Info ကအသိပေးသည်။