ထားဝယ်အကျဥ်းထောင်မှာ ဒီနေ့မနက်ပိုင်းက ထောင်ဆူမှုဖြစ်ပွားခဲ့တယ်လို့ အကျဥ်းထောင်နဲ့ နီးစပ်သူတွေကပြောပါတယ်။
ဒီနေ့မနက် ၇ နာရီဝန်းကျင် မနက်စာဝေချိန်မှာ စားဖိုဆောင်ထဲ ထမင်းဝင်ယူတဲ့ နိုင်ငံရေးအကျဥ်းသားတစ်ဦးကို အကျဥ်းထောင်ဝန်ထမ်းက ပါးနှစ်ချက်ရိုက်ခဲ့တယ်လို့ ထောင်နဲ့နီးစပ်သူတွေဆီကသိရပါတယ်။ ပါးရိုက်ခဲ့တဲ့အကြောင်းအရင်းကိုတော့မသိရသေးပါဘူး။
အဲဒီလုပ်ရပ်ကို မကျေနပ်လို့ အိပ်ဆောင်မှူးအရာရှိကို အကျဥ်းသားတွေသွားရောက်တိုင်ကြားချိန် အရာရှိကလည်းမဖြေရှင်းပေးတာကြောင့် ထောင်ဆူလာတာလို့ အကျဥ်းထောင်နဲ့နီးစပ်သူက ဆိုပါတယ်။
“အရမ်းရုန်းရင်းဆန်ခတ်ဖြစ်သွားတယ်။ အကျဥ်းသားတွေ အများကြီး အခန်းအပြင်ကို ထွက်လာကြတာ” လို့အကျဥ်းထောင်နဲ့နီးစပ်သူကပြောပါတယ်။
အော်ဟစ်ဆူညံသံတွေကိုလည်း အကျဥ်းထောင်အပြင်ဘက်ပါကြားရတယ်လို့ အကျဥ်းထောင်အနီးရောက်ရှိနေသူက ပြောပါတယ်။
ထောင်ဝန်ထမ်းတွေကလည်း နံပါတ်တုတ်တွေကိုင်ဆောင်ကာ အကျဥ်းသားအဆောင်တွေဘက်ကိုရောက်လာပြီး တားဆီး၊ ဟန့်တားတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
နာရီဝက်ခန့်အကြာမှာတော့ အခြေအနေပြန်ငြိမ်သက်သွားပေမဲ့ ဝန်ထမ်းတွေကတော့ နိုင်ငံရေးအကျဥ်းသားအပါအဝင် အကျဥ်းသားတချို့ကို ထောင်ဘူးဝထဲကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ထားဝယ်အကျဥ်းထောင်မှာ အခုနှစ်အတွင်း ဝန်ထမ်းတွေကရိုက်နှက်တာ၊ ထိုးကျိတ်တာနဲ့ ဖမ်းဆီးနှိပ်စက်တဲ့ဖြစ်စဥ်တွေ မကြာခဏရှိလာပါတယ်။ အဲဒီလိုလုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး ထောင်ဝန်ထမ်းတွေကို လိုအပ်သလိုအရေးယူပေးဖို့လည်း ထောင်တွင်းနိုင်ငံရေးအကျဥ်းသားတွေက တော်လှန်ရေးအဖွဲ့တွေကို စာရေးသားပြီး တောင်းဆိုထားပါတယ်။
အခုလ ၁ ရက်နေ့ကတော့ ထားဝယ်ထောင်ကတပ်သားအဆင့် ဝန်ထမ်းနှစ်ဦး ထားဝယ်မြို့ပြင်မှာပစ်သတ်ခံခဲ့ရပါတယ်။ အဲဒီဖြစ်စဥ်ဖြစ်ပွားပြီးနောက်မှာ ဝန်ထမ်းတချို့ထွက်ပြေးတာတွေရှိခဲ့သလို ကျန်တဲ့ဝန်ထမ်းတွေက သေနတ်ကိုင်ပြီးကင်းစောင့်တာ၊ လုံခြုံရေးတင်းကြပ်တာတွေကိုလည်း လုပ်ဆောင်လာပါတယ်။
ထားဝယ်ထောင်ဟာ တနင်္သာရီတိုင်းမှာ နိုင်ငံရေးအကျဥ်းသားအများဆုံးအကျဥ်းထောင်ဖြစ်ပြီး ထောင်တွင်းအကျဥ်းသား စုစုပေါင်း ၁၀၀၀ ဝန်းကျင်မှာ တဝက်ခန့်ဟာ နိုင်ငံရေးအကျဥ်းသားတွေဖြစ်ပါတယ်။