ထားဝယ်ခရိုင်အတွင်း စစ်ရေးလှုပ်ရှားမှုတွေ ဆောင်ရွက်နေတဲ့ ဥဩစစ်ကြောင်း(ထားဝယ် – ပကဖ) ရဲ့ မွမ်းမံ သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၃ ရက်က ပြုလုပ်ခဲ့တယ်လို့ ထားဝယ် – ပကဖ က နိုဝင်ဘာ ၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
အခမ်းအနားမှာ စစ်ရေးပြတာ၊ အလေးပြုတာ၊ မိန့်ခွန်းပြောတာနဲ့ သစ္စာရေသောက်တာတို့ ပြုလုပ်ခဲ့ကြပြီး ဥဩစစ်ကြောင်းရဲ့ တပ်ဖွဲ့တခုဖြစ်တဲ့ ဥဩဆေးအဖွဲ့ရဲ့ နှစ်ပတ်လည်နေ့ ဖြစ်တာကြောင့် မွမ်းမံသင်တန်းဆင်းပွဲ စစ်ရေးပြအခမ်းအနားမှာ ပူးပေါင်းပါဝင်ခဲ့တယ်လို့ ဥဩဆေးအဖွဲ့ကဆိုပါတယ်။
ဒါ့အပြင် ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ထားဝယ်-ပကဖ)ရဲ့ အမှတ်တံဆိပ်ကိုလည်း နိုဝင်ဘာ ၅ ရက်ကစပြီး အရင်က အသုံးပြုနေတဲ့ တံဆိပ်အစား တံဆိပ်အသစ်ကို စတင်အသုံးပြုသွားမယ်လို့ ကြေညာခဲ့ပါတယ်။
အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ ထားဝယ် ပကဖကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၃ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၅ ဖွဲ့နဲ့ စတင် ဖွဲ့ခဲ့ပြီး ၂ နှစ် ပြည့်ချိန် မှာ ဒရုန်းတပ်ဖွဲ့၊ ဆေးတပ်ဖွဲ့ စတဲ့ တပ်ဖွဲ့တွေကို ထည့်သွင်း ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၁ နဲ့ ထားဝယ် ပကဖ တပ်ဖွဲ့ ၅ ခု တို့ စုစည်းပြီး ဥဩစစ်ကြောင်းအဖြစ် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၆ ရက်မှာ ဖွဲ့စည်းပြီး ထားဝယ်ခရိုင်အတွင်း စစ်ရေးလှုပ်ရှားမှုတွေ ဆောင်ရွက်နေတာဖြစ်ပါတယ်။