စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့တွင် စစ်ကောင်စီတပ်ရဲစခန်းအတွင်းမှလက်နက်ကြီးဖြင့်ပစ်ခတ်ပြီးလေယာဥ်ဖြင့်ပါ ဗုံးချတိုက်ခိုက်ခဲ့၍ ပြည်သူအချို့ ဒဏ်ရာရရှိခဲ့ကြောင်းဒေသခံများကပြောသည်။
ယမန်နေ့( နိုဝင်ဘာလ ၅ ရက်) နံနက်အစောပိုင်းက ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့သို့ စစ်တပ်ကတိုက်လေယာဉ်တစ်စင်းဖြင့် ဗုံး ၂ လုံးကြဲချခဲ့သည်။ထို့အပြင် စိုင်ပြင်ရဲစခန်းကပါ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် စိုင်ပြင်မြို့မှ အရပ်သား ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။
“ပြည်သူတွေကတော့ လက်နက်ကြီးရမ်းပစ်လို့မှန်တယ်လို့ကြားတယ်။”ဟု ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။
လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၄၀ အရွယ်အမျိုးသားတစ်ဦး မျက်ခုံးနှင့် ဦးခေါင်းတို့၌ လက်နက်ကြီးစထိမှန်ပြီး အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး တင်ပါးထိမှန် ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။
စိုင်ပြင်မြို့အနီးတွင် နိုဝင်ဘာ ၄ ရက် ညနေပိုင်းကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်သားများ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းဒေသခံအချို့က ပြောသည်။ တိုက်ပွဲအခြေအနေအသေးစိပ်ကိုမူ မသိရသေးပေ ။
တိုက်ပွဲဖြစ်ပွားပြီးနောက်နေ့တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲပြီး မြို့ထဲမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
လေကြောင်းမှဗုံးချတိုက်ခိုက်မှုတွင် ထိခိုက်ပျက်စီးမှုရှိနိုင်ပြီး ပြည်သူများထွက်ပြေးတိမ်းရှောင်နေရ၍ အတိအကျမသိရသေးကြောင်း ဒေသခံများက ပြောသည်။
ထိုအပြင် နိုဝင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ဒီပဲယင်းမြို့ပေါ်မှ အင်အား ၇၀ ခန့်ဖြင့် စစ်ကောင်စီစစ်ကြောင်းထိုးလာ၍ ကျေးရွာ ၁၀ ရွာခန့်က ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း လည်းသိရသည်။
နိုဝင်ဘာလ ၁ ရက် ညနေပိုင်းကလည်း စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒီပဲယင်းနယ်အရှေ့ခြမ်းရှိ လက်ယက်ကုန်းကျေးရွာသို့ လက်နက်ကြီး ၂ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးနှစ်ဦးသေဆုံးကာ ကလေး၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။