တရားမဝင်နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင်မှာ ဖမ်းဆီးခဲ့တယ်လို့ ထိုင်းစစ်တပ်ရဲ့ အမှတ် (၂၅)ခြေလျင်တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
အခုလ ၄ ရက်နေ့ ညပိုင်း ကင်းလှည့်နေချိန်မှာ မောင်းနှင်လာတဲ့ဆိုင်ကယ် လေးစီးကိုစစ်ဆေးဖို့ မီးအချက်ပြတားဆီးချိန်မှာ အစစ်ဆေးမခံဘဲ တိမ်းရှောင်သွားခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေဘက်က ဆိုပါတယ်။
အဲဒီနောက် ထိုင်းအာဏာပိုင်တွေက လိုက်လံဖမ်းဆီးခဲ့ရာ ဆိုင်ကယ်တစ်စီးနဲ့အတူ မြန်မာနိုင်ငံဘက်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ ကလေးငယ်တစ်ဦး၊ အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၃ ဦးတို့ကို ဖမ်းမိခဲ့တာပဲ ဖြစ်ပါတယ်။
ကျန်တဲ့ ဆိုင်ကယ်သုံးစီးနဲ့ ယာဥ်မောင်းတွေကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဖမ်းဆီးမိသူအားလုံးကိုတော့ ချွန်ဖော်ခရိုင်ရဲစခန်းကို ပို့ဆောင်ထားတယ်လို့လည်း အမှတ် (၂၅)ခြေလျင်တပ်ရင်းရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင်ဟာ တနင်္သာရီတိုင်းက ဘုတ်ပြင်း၊ ကော့သောင်းမြို့နယ်တွေနဲ့ နယ်စပ်ချင်းကပ်နေတဲ့နေရာဖြစ်ပါတယ်။
အခုလိုဖမ်းဆီးခံရတာတွေဟာ အဖမ်းဆီးအစစ်အဆေးများတာနဲ့ဆိုင်သလို တာဝန်ယူပို့ဆောင်တဲ့ပွဲစားတွေနဲ့လည်း သက်ဆိုင်ကာ သူတို့မှာ တာဝန်ရှိတယ်လို့ ထိုင်းနိုင်ငံကို တရားမဝင်လမ်းကနေ အခုရက်ပိုင်းမှာ သွားရောက်ခဲ့သူတစ်ဦးက ပြောပါတယ်။
“ခိုးဝင်တာများတော့ စစ်တပ်က နယ်စပ်တကြောလုံးကိုစောင့်ကြည့်နေတာဗျ။ လုံးဝအဆင်မပြေရင် ထိုင်းစစ်တပ်ကို ပိုက်ဆံနဲ့ညှိပြီးမှပဲ ဝင်လို့ရတယ်။” လို့ တရားမဝင်လမ်းက သွားရောက်ခဲ့သူ ထားဝယ်ဒေသခံက ပြောပါတယ်။
ထိုင်းနိုင်ငံကို တရားမဝင်နယ်စပ်ဖြတ်ကျော်မှုဟာ စစ်အာဏာသိမ်းပြီးနောက်မှာ အဆမတန်များပြားလာပြီး ဖမ်းဆီးခံရမှုတွေလည်း လတိုင်းလိုလိုမှာ ရှိနေတာပါ။
အခုလ ၃ ရက်နေ့မှာလည်း ဘန်ကောက်မြို့အနီးက ပထုမ်ဌာနီခရိုင်ထဲမှာ ထိုင်း-မြန်မာနယ်စပ် တာခ်ခရိုင်ကလာတဲ့ မြန်မာနိုင်ငံသား ၁၂ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
အလားတူပြီးခဲ့တဲ့ လကုန်ပိုင်းကလည်း ချွန်ဖော်ခရိုင်ထဲမှာ တရားမဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၅ ဦးနဲ့ ရနောင်းခရိုင်ထဲက ၇ ဦးတို့ကို ထိုင်းစစ်တပ်ရဲ့ အမှတ်(၂၅) ခြေလျင်တပ်ရင်းကဖမ်းဆီးပြီး ရဲစခန်းကိုပို့ဆောင်ခဲ့ပါတယ်။