ရှမ်းမြောက် တိုက်ပွဲတွေ အတွင်း အကူအညီ လိုအပ်နေတဲ့ ပြည်သူတွေကို ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP က အကူအညီ ပေးနေတယ်လို့ SSPP နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
တိုက်ပွဲ နယ်မြေ အတွင်း ပိတ်မိနေတဲ့ ပြည်သူတွေ၊ စစ်ဘေးရှောင်လာတဲ့ ပြည်သူတွေကို SSPP က ၎င်းတို့ရဲ့ ကိုယ်ပိုင်လမ်းကနေ ကယ်ထုတ်ပေးနေသလို မြို့နယ်တွေမှာရှိတဲ့ SSPP ရဲ့ နယ်မြေ အုပ်ချုပ်ရေးရုံးထံ အကူအညီ တောင်းသူတွေကို အကူအညီ ပေးနေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
“တိုက်ပွဲမှာ ပိတ်မိနေတဲ့ ပြည်သူတွေကိုပေါ့ SSPPရဲ့ လမ်းကနေ ကယ်ထုတ်တာ၊ စစ်ဘေးရှောင် စခန်းတွေဆီ ပို့ပေးတာတွေ ပြုလုပ်ပေးနေတာပေါ့နော်။ ပြီးတော့ စစ်ဘေးရှောင်တွေ ဘယ်သွားရမှန်း မသိဘူး ဆိုလည်း မြို့နယ်တိုင်းမှာရှိတဲ့ သူတို့ရဲ့ အုပ်ချုပ်ရေးရုံးတွေကို အကြောင်းကြား အကူအညီတောင်းလို့ရတယ်။ လိုရာခရီးကို ပို့ပေးတာ၊ စစ်ဘေးရှောင်စခန်းဆီ ပို့ဆောင်းပေးတာမျိုးတွေ ကူညီပေးနေတယ်။ ပြီးတော့ စစ်ဘေးရှောင် စခန်း တွေကိုလည်း SSPP နယ်မြေအတွင်းမှာ ဖွင့်လှစ်ဖို့ လုပ်နေတယ်” လို့ SSPP နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ရှင်းပြပါတယ်။
ဒါ့အပြင် ရှမ်းမြောက်ဒေသမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေကို SSPP တာဝန်ရှိသူတွေ သွားရောက်ပြီး အကူအညီ ပေးခဲ့တယ်လို့လည်း သိရပါတယ်။
ရှမ်းမြောက် လားရှိုး၊ သိန္နီ၊ ကျောက်မဲ၊ နမ့်ခမ်း၊ ပန်ဆိုင်း စတဲ့ မြို့နယ်တွေမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေကို SSPP အုပ်ချုပ်ရေး တာဝန်ရှိသူတွေ သွားရောက်ပြီး ဆန်၊ ဆီ၊ ဆား၊ သောက်ရေ စတဲ့ အကူအညီတွေ ပေးခဲ့တာ ဖြစ်ပါတယ်။
“အခုတော့ မြို့နယ် လေးငါးခုမှာရှိတဲ့ စစ်ရှောင်စခန်းတွေ၊ ဘုန်ကြီးကျောင်းမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်တွေကို စားနပ်ရိက္ခာတွေ သွားကူညီတာပေါ့။ သူတို့လုပ်လို့ ရတာတွေကို လုပ်နေ ကူညီနေပါတယ်” လို့ SSPP နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိ ရှမ်းမြောက် တိုက်ပွဲမှာ SSPP တပ်ဖွဲ့ တိုက်ရိုက် ပါဝင်တိုက်ခိုက်တာ မရှိသေးပါဘူး။
ရှမ်းမြောက် တိုက်ပွဲတွေ အပေါ် အမြင်သဘောထားနဲ့ စစ်ဘေးရှောင် ပြည်သူတွေကို ကူညီနေမှု အခြေအနေနဲ့ ပတ်သက်ပြီး SSPP ပြောရေးဆိုခွင့် ရှိသူတွေကို ဆက်သွယ် မေးမြန်းပေမယ့် ဖုန်းလက်ခံ ဖြေတာ မရှိပါဘူး။
လက်ရှိ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ညီနောင် မဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီ စခန်းပေါင်း ၁၀၀ ကျော်နဲ့ မြို့ ၄ မြို့ထက် မနည်း တိုက်ခိုက် သိမ်းပိုက်ထားပြီး တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။