သိန္နီမြို့မှာ စစ်ကောင်စီရဲ့ စကခ ၁၆ ရှိရာ အနီးတဝိုက်နဲ့ မြို့ပတ်ချာလည်မှာ မဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ပြည်သူပိုင်နေအိမ်တွေ မီးလောင်နေသလို ထိခိုက်သေဆုံးမှုတွေလည်း ရှိတယ်လို့ သိန္နီမြို့ခံတွေထံကနေ သိရပါတယ်။
တိုက်ပွဲတွေဟာ နိုဝင်ဘာလ ၆ရက် ဒီနေ့မနက်ပိုင်းအထိ ပြင်းထန်နေပြီး စစ်တပ်က မြို့နဲ့ ၁၂မိုင်ပတ်လည်အတွင်း လေကြောင်းနဲ့ လျောက်ပစ်နေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ဘေးရှောင်ဖို့လည်းခက်ခဲတယ်လို့ သိန္နီမြို့ခံတစ်ဦးက ပြောပါတယ်။
“နေ့လည်စာ စားပြီးချိန်ဆို တိုက်ပွဲစပြီ။ မနေ့(အောက်တိုဘာ ၅ရက်)က ကောင်းဟော်ထဲက လူနေအိမ်တစ်အိမ်မီးလောင်တယ်။ ကျွဲသေတယ်။ လေယာဉ်လာပစ်တာ။ ရွာတွေမှာတော့ လူမရှိသလောက်ဖြစ်ကုန်ပြီ။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှောင်ကုန်တာ” လို့ သူက ပြောပါတယ်။
ကောင်းဟော်ကျေးရွာအုပ်စုထဲက ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင် ပြည်သူ ၂ထောင်ကျော် ပိတ်မိနေပြီး စစ်ဘေးရှောင်ပြည်သူအများစုဟာ နေမကောင်းတာတောင် ဆေးဝယ်မသောက်နိုင်တဲ့ အခြေအနေဖြစ်နေတယ်လို့ စစ်ဘေးရှောင်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ရှေ့လျှောက် ရာသီဥတုကလည်း ပိုအေးလာဖို့ ရှိတာကြောင့် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် စိုးရိမ်ရတယ်လို့ သူက ပြောပါတယ်။
စစ်ကောင်စီဘက်က သိန္နီမြို့ကို ပြန်ရဖို့ အင်အားအများအပြားနဲ့ ထိုးစစ်ဆင်နေတာဖြစ်ပြီး မဟာမိတ်တွေဘက်ကလည်း လုံးဝလက်လွှတ်မခံဘဲ ပြန်လည်ခုခံနေတယ်လို့ မြို့ခံတွေက စစ်ရေးအခြေအနေကို ပြောပြပါတယ်။