ကရင်နီပြည်နယ်မှာ စစ်ကောင်စီတပ်တွေ အနီးအနား ၀န်းကျင်ကို လက်နက်ကြီး ပစ်ခတ်မှုတွေ ဒီလပိုင်းထဲမှာ ပိုလုပ်လာတယ်လို့ ဖယ်ခုံ (၁၀၀၆) တပ်ရင်း တာ၀န်ရှိသူ ဗိုလ်ကြီးတင်ထွေး က မဲခေါင်သတင်းဌာနကို ဒီကနေ့ ပြောပါတယ်။
ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ကောင်စီတပ် စခန်းတွေဟာ တိုက်ခိုက်ခံရမှာ စိုးရိမ်နေပြီး အခုလို အနီး၀န်းကျင်ကို လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ လိုက်ပစ်နေတာလို့ ဆိုပါတယ်။
“တပ်တွေက ပစ်တာများတယ်။ ညတိုင်းကို ပစ်တာ။ အရင်ကထက်လည်း ပိုပစ်တယ်။ တပ်တွေဆို သူတို့ စခန်းနားက တောင်ကုန်းတွေ၊ လယ်ကွင်းတွေဘက်ကို လိုက်ပစ်နေတာ။ ကျေးရွာတွေမှာ တပ်စွဲထားတဲ့ စစ်တပ် စခန်းငယ်တွေက ပစ်ခဲတယ်” လို့ သူကရှင်းပြပါတယ်။
ရှမ်းမြောက်မှာ တိုင်းရင်းသား တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး စခန်းသိမ်း တိုက်ပွဲတွေ ပြုလုပ်နေလို့ ကရင်နီပြည်က စခန်းတွေ တိုက်ခိုက်ခံရမှာ စစ်ကောင်စီက စိုးရိမ်နေပြီး တပ်စခန်း ဝန်းကျင်ကို ၆၀ မမတွေ၊ ပွိုင့် 5 တွေ အသုံးပြုကာ ညစဥ် ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
လက်ရှိ ကရင်နီပြည်နယ် အတွင်း စစ်ကောင်စီဘက်က ထိုးစစ်ဆင် တိုက်ခိုက်တာ မရှိလို့ တိုက်ပွဲတွေ ငြိမ်သက်နေပြီး ညဘက်တွေမှာ အခိုင်အမာ တပ်စခန်းတွေက စစ်အင်အား အပြောင်းအရွှေ့ လုပ်တာတွေ ရှိနေတယ်လို့ ဗိုလ်ကြီး တင်ထွေး ကပြောပါတယ်။
လက်ရှိ စစ်ရှောင်တွေ စိုက်ပျိုးထားတဲ့ စပါး၊ ပြောင်းတွေ ရိတ်သိမ်းနေပြီး ပြည်သူတွေက တိုက်ပွဲတွေ ခေတ္တ ရပ်စေချင်တာကြောင့် တော်လှန်ရေး အင်အားစုတွေဘက်က ထိုးစစ် မဆင်သေးတာလို့ ကရင်နီ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။