စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဝက်လူးအိုင်ကျေးရွာ အနီး၌ ခေါင်းဖြတ်၍ သတ်ဖြတ်ထားသော ရုပ်အလောင်း ၂ လောင်း တွေ့ရှိခဲ့ကြောင်း Phoenix Defence Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့တွင် ဝက်လက်မြို့နယ်၊ ဝက်လူအိုင်ကျေးရွာ အဝင်လမ်း အနီးရှိ ပြောင်းခင်းအတွင်း၌ အားကစား ဘောင်းဘီအတို ဝတ်ဆင်ထားသော ခေါင်းဖြတ်၍ သတ်ဖြတ်ထားသော အမျိုးသား ရုပ်အလောင်း ၂ လောင်းကို တွေ့ရှိခဲ့ကြောင်း၊ သေဆုံးသူများသည် မည်သူ မည်ဝါ ဖြစ်သည်ကို မသိရှိရသေးဘဲ စုံစမ်းနေပြီး သတ်ဖြတ်ခံထားရသည်မှာ ရက်အတော်အတန်ကြာပြီဖြစ်ကာ အနီးအနား ဝန်းကျင်ကျေးရွာ တာဝန်ရှိသူများကို အကြောင်းကြားထားကြောင်း သိရသည်။
“အားကစားဘောင်းဘီအတိုနဲ့ ဆိုတော့ စစ်ခွေးတွေလဲ ဖြစ်နိုင်သလို အနီးအနားကျေးရွာက ဖမ်းဆီးခံ ပြည် သူတွေလည်းဖြစ်နိုင်တယ်။ စစ်ကြောင်းကလည်း ပြွန်ကြီးရွာမှာ အခြေပြုတပ်စွဲထားတုန်း သေဆုံးမှု ပုံစံကတော့ ရက်အတော်ကြာပြီ၊ အမျိုးသားဆိုတာကတော့ သေချာတယ်ဗျ၊ ဆံပင်တွေ့ရှိချက်အရပေါ့၊ အနီးအနားကျေးရွာက တာဝန်ရှိသူတွေကို ပြည်သူတွေ စိစစ်ဖို့၊ လူဘယ်နှစ်ယောက်အဖမ်းခံရတယ်၊ ပြန်လွှတ်ပေးတယ်ဆိုတာ သိရဖို့ အကူအညီတောင်းခံထားတယ်” ဟု Phoenix Defence Force တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။