ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ် အတွင်းရှိ စစ်ဘေးရှောင် စခန်းတွေကို ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP က ဆန်အိတ် ၁၆၀ သွားရောက် ကူညီခဲ့တယ်လို့ SSPPက ဒီကနေ့ ထုတ်ပြန်ပါတယ်။
ညီနောင် မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ တိုက်ပွဲတွေကြောင့် မြို့နယ် အသီးသီးကနေ လားရှိုးမြို့နယ် အတွင်း စစ်ဘေးရှောင်လာတဲ့ ပြည်သူတွေကို SSPP ဗဟိုဌာနချုပ်က မနေ့ နိုဝင်ဘာ ၆ ရက်နေ့မှာ စားနပ်ရိက္ခာနဲ့ ဆန်အိတ်ပေါင်း ၁၆၀ ကူညီခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီ ဆန်အိတ်တွေကို စစ်ဘေးရှောင်တွေ ရောက်ရှိ ခိုလှုံနေတဲ့ မန်ဆူဘုန်းကြီးကျောင်း၊ မန်အိုင်ဘုန်းကြီးကျောင်း၊ ဟိုပိတ်ဘုန်းကြီးကျောင်း၊ တာပုံဘုန်းကြီးကျောင်း၊ မိုင်းတိမ်ဘုန်းကြီးကျောင်း စတဲ့ ဘုန်းကြီးကျောင်း ၁၁ ကျောင်းကို ခွဲဝေကူညီခဲ့တယ်လို့ SSPPက ဆိုပါတယ်။
လားရှိုးမြို့နယ်အပြင် ရှမ်းပြည်နယ် မြောက်ပိုင်း မြို့နယ်အသီးသီးမှာရှိတဲ့ စစ်ဘေးရှောင်တွေကိုလည်း စားနပ်ရိက္ခာ ကူညီနိုင်ဖို့အတွက် SSPP ရဲ့ ဒေသတွင်း တာဝန်ရှိသူတွေ စာရင်းပြုစုလျက်ရှိပြီး လိုအပ်တဲ့ အကူအညီတွေ အတတ်နိုင်ဆုံး ဆက်ပေးသွားမယ်လို့ SSPP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိ လားရှိုးမြို့နယ်အတွင်းမှာ စစ်ဘေးရှောင် စုစုပေါင်း ၆,၀၀၀ ကျော်ရှိပြီး စစ်ရေးတည်ငြိမ်မှု မရှိသေးတဲ့အတွက် စစ်ဘေးရှောင်တွေ ထပ်မံ ရောက်ရှိလာဖို့ ရှိနေတယ်လို့ SSPP က ပြောပါတယ်။