PDF နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ သိမ်းယူထားတဲ့ စစ်ကိုင်းတိုင်း ၊ကောလင်းမြို့မှာ စစ်ရှောင်ပြည်သူ ငါးသောင်းခန့်ရှိနေတယ်လို့ ကောလင်းမြို့ရဲ့ မြေပြင်အခြေအနေဖော်ပြနေတဲ့ Kawlin Revolution-KR က ဒီနေ့ မှာ အသိပေးပါတယ်။
လူဦးရေ တစ်သိန်းခွဲကျော် နေထိုင်တဲ့ ကောလင်းမြို့ကို PDF နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ ၄ ရက်ကြာ တိုက်ယူပြီး မနေ့က သိမ်းယူလိုက်နိုင်တာပါ။
ဒီနေ့မနက်ပိုင်းမှာတော့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တယားလက်အောက်က လွတ်မြောက်သွားပြီး NUG အစိုးရ ထိန်းချုပ်ထားတဲ့ ကောလင်းမြို့တွင်းပုံတွေကို Kawlin Revolution-KR က ထုတ်ပြလာပါတယ်။
ဓာတ်ပုံတွေအရ မြို့တွင်းမှာ လူသွားလူလာရှင်းလင်းနေသလို ၊ ဈေးတွေ ၊ကျောင်းတွေလည်းပိတ်ထားတာတွေ့ရပါတယ်။
လတ်တလောစစ်ရေးအခြေအနေမှာ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စစ်ရှောင် ပြည်သူတွေကို မြို့တွင်းကို ပြည်လည်နေထိုင်ခွင့်မပြုသေးဘူးလို့ Kawlin Revolution-KR က ဆိုပါတယ်။
မြို့တွင်းက ပြည်သူတွေအားလုံးနီးပါးကိုလည်း. ကယ်ထုတ်ထားနိုင်တယ်လို့ Kawlin Revolution-KR ရဲ့ ဖော်ပြချက်မှာတွေ့ရပါတယ်။
ကောလင်းမြို့နဲ့ ၁၀ မိုင်ခန့်အကွာမှာရှိတဲ့ ဝန်းသိုမြို့အခြေစိုက် စစ်ကောင်စီတပ်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်တာ ၊လေကြောင်းက တိုက်ခိုက်တာနဲ့ တိုက်ပွဲအတွင်းပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ ၁၀ ဦးခန့်သေဆုံးတယ်လို့သိရပြီး အသေးစိတ်ကိုအတည်မပြုနိုင်သေးဘူးလို့လည်း Kawlin Revolution-KR ကဖော်ပြပါတယ်။
လက်ရှိမှာတော့ စစ်ရှောင် ငါးသောင်းခန့်ကို မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စောင့်ရှောက်ပေးနေတယ်လို့သိရပါတယ်။
မြေပြန့်လွင်ပြင်ဖြစ်တဲ့ ကောလင်းမြို့ ကို ဆက်သွယ်ရေး လမ်းပိတ်ဆို့ထားလို့ စားသုံးဆီ ၊ စက်သုံးဆီ၊ဆေးဝါး နဲ့ အခြေခံစားသောက်ကုန်ပစ္စည်းတွေ လိုအပ်နေတယ်လို့ Kawlin Revolution-KR က အသိပေးထားပါတယ်။
ကောလင်းဟာ ခရိုင်အဆင့်ရုံးစိုက်ရာမြို့ဖြစ်ပြီး မန္တလေး− မြစ်ကြီးနား ရထားလမ်းပေါ်မှာရှိတဲ့မြို့ဖြစ်ပါတယ်။