တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာမှာ နေ့တဝက်အကြာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ပြောပါတယ်။
မနေ့က နေ့လယ်ပိုင်းမှာ သကျက်ကျေးရွာအုပ်စု ကဏန်းကွင်းရွာဘက်ကို ခြေလျင်ဝင်လာတဲ့ စစ်ကောင်စီတပ်သား အင်အား ၇၀ ခန့်ပါစစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တာပါ။
“နေ့လယ်ကနေ နေဝင်တဲ့အထိပဲ။ ပစ်လိုက်နားလိုက် တောက်လျှောက်ဖြစ်နေတာ” လို့တနင်္သာရီဒေသခံ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေချိန် မော်တုန်းအခြေစိုက် အမြောက်တပ် (၃၀၆)က ဆယ်မိုင်ကျော်အကွာအဝေးရှိတဲ့ သကျက်ကျေးရွာအုပ်စုဘက်ကို ၁၂၀ မမလက်နက်ကြီးအများအပြား ပစ်ကူပေးခဲ့တယ်လို့ မော်တုန်းရွာမှာနေထိုင်တဲ့ ဒေသခံတွေကပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်ရဲ့ ပြောပြချက်အရသိရပါတယ်။
ဒီနေ့မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်သားတွေ သကျက်ရွာအုပ်စုတဝိုက်မှာရှိနေပြီး တော်လှန်ရေးတပ်တွေနဲ့နှစ်ဖက် စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
တိုက်ပွဲတွေကြောင့် သကျက်ကျေးရွာအုပ်စုနဲ့နဲ့ ကော်တောကျေးရွာက ဒေသခံအများအပြား နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကဆိုပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ တနင်္သာရီမြို့နယ်မှာ ပြီးခဲ့တဲ့ အေက်တိုဘာလကလည်း တိုက်ပွဲနဲ့ ပစ်ခတ်တိုက်ခိုက်မှုပေါင်း ၈ ကြိမ်ထပ်မနည်းဖြစ်ပွားခဲ့ပါတယ်။