၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ (၃) နှစ်ပြည့် အထိမ်းအမှတ်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က အချက် ၅ ချက်ကို ထုတ်ပြန်တောင်းဆိုလိုက် ပါတယ်။
တောင်းဆိုချက်တွေက လွတ်လပ်ပြီး တရားမျှတတဲ့ ဒီမိုကရေစီရွေးကောက်ပွဲမှတစ်ဆင့် ပြည်သူက အပ်နှင်းခဲ့တဲ့ တရားဝင်မှုနဲ့ လုပ်ပိုင်ခွင့်အရဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင် အသိအမှတ်ပြုရန်နဲ့ တရားမဝင်စစ်ကောင်စီကို မည်သည့်နည်းလမ်းနဲ့မျှ အသိအမှတ်ပြုဆက်ဆံခြင်းမပြုဘဲ ၎င်းတို့ကျူးလွန်လျက်ရှိတဲ့ အကြမ်းဖက်မှုများ ချက်ချင်းအဆုံးသတ်ရေးအတွက် စီးပွားရေး၊ သံတမန်ရေး စတဲ့ နည်းလမ်းများအပါအဝင် ထိရောက်နိုင်သမျှ နည်းလမ်း များစွာနဲ့ ဖိအားပေး ဆောင်ရွက်ရန်၊ အကြမ်းဖက်စစ်တပ်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုများအပေါ် တာဝန်ခံမှု ရှိစေရေးနဲ့ နစ်နာသူများအတွက် တရားမျှတမှု ဖော်ဆောင်ပေးနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် မြန်မာ့လူမှုအဖွဲ့အစည်းများရဲ့ ကြိုးပမ်းအားထုတ် မှုများအား ပူးပေါင်း ကူညီပံ့ပိုးပေးရန်၊ အရပ်သားအစိုးရ ခေါင်းဆောင်များ၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံ ထားရသူများအား အမြန်ဆုံးလွတ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးရန်တို့ဖြစ်ပါတယ်။
ဒါအပြင် လက်ရှိအရပ်သားအစိုးရအုပ်ချုပ်ရေးစနစ်နဲ့ ဒီမိုကရက်တစ် အဖွဲ့အစည်းများ ပိုမိုခိုင်မာ အားကောင်းလာစေရေးအတွက် နည်းပညာနဲ့ ငွေကြေး အကူအညီများ တိုးမြှင့်ပေးအပ်ရန်နဲ့ ဒီမိုကရေစီ အင်အားစုများအကြား ယုံကြည်မှုတည်ဆောက်ရေး လုပ်ငန်းစဉ်များ အပါအဝင် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များကို အမြန်ဆုံး အကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက် ကုလသမဂ္ဂ၊ ကမ္ဘာ့ဒီမိုကရေစီ နိုင်ငံများအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ လက်တွေ့ကျ ထိရောက်တဲ့ နည်းလမ်းများနဲ့ စဉ်ဆက်မပြတ် ပူးပေါင်းကူညီပေးရန် အစရှိတဲ့ အချက် ၅ ချက်ကို တောင်းဆိုခဲ့တာပါ။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက စတင်ဖွဲ့စည်းတည်ထောင်တဲ့ အချိန်မှစပြီး ချမှတ်ထားတဲ့ နိုင်ငံရေးဦးတည်ချက်များအတိုင်း တရားမဝင် အာဏာသိမ်းမှု အဆုံးသတ်ရေး၊ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုများအတွက် တာဝန်ရှိတဲ့ စစ်တပ်ခေါင်းဆောင်များနဲ့ ပူးပေါင်းပါဝင်သူများကို အပြစ်ပေး အရေးယူနိုင်ရေးနဲ့ အားလုံးပါဝင်နိုင်မယ့် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု အမြန်ဆုံး တည်ဆောက်သွားနိုင်ရေးတို့အတွက် ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသား မိတ်ဖက်တော်လှန်ရေးအင်အားစုများနဲ့အတူ ဆက်လက်ပူးပေါင်း ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်တယ် လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။