ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ နောင်ချို-ဂုတ်တွင်း လမ်းပိုင်းမှာ TNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတို့ ဒီကနေ့ မနက်ပိုင်းမှာ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၈ ရက်၊ မနက် ၄ နာရီခန့်ကစပြီး နောင်ချို-ဂုတ်တွင်း လမ်းပေါ်မှာ ၂ ဖက်တပ် တိုက်ပွဲ ဖြစ်ပွားနေတာလို့ ဆိုပါတယ်။
“မနက်ကတည်းက ပစ်နေတာ။ ပစ်လိုက်၊ ရပ်လိုက်ပဲ။ အလုံးကြီးတွေလည်း တောက်လျှောက် ပစ်နေတာ။ ကျောက်မဲတပ်ဘက်ကနေ ပစ်နေတာ” လို့ သူကရှင်းပြပါတယ်။
နို၀င်ဘာ ၁ ရက်ကလည်း ရှမ်းမြောက်ကို စစ်ကူလာတဲ့ စစ်ကောင်စီယာဥ်တန်းကို နောင်ချို အုမ္မခါးလမ်းခွဲမှာ TNLA ၊ MDY PDF ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ထိခိုက်သေဆုံးမှု ရှိခဲ့ပြီး စစ်ယာဥ်တန်း ရှေ့မတိုးနိုင်ဘဲ ရပ်တန့်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီက တိုက်ပွဲ ပြင်းထန်နေတဲ့ ရှမ်းမြောက်ဒေသကို လူသူလက်နက် ခဲယမ်း ပို့ဆောင်ဖို့ နောင်ချို-ဂုတ်တွင်း လမ်းပိုင်းကို အသုံးပြုဖို့ ကြိုးစားနေတာကြောင့် အဆိုပါ လမ်းပိုင်းကို မဟာမိတ်တပ်ဖွဲ့တွေက ဖြတ်တောက် တိုက်ခိုက်ရာက တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
ညီနောင် မဟာမိတ်တွေ အနေနဲ့ ရှမ်းမြောက်ဒေသ ၁၀၂၇ စစ်ဆင်ရေး ၁၂ ရက်မြောက်အတွင်း စစ်ကောင်စီ စခန်းပေါင်း ၁၂၀ ကျော်နဲ့ တင့်ကားကြီးတွေ၊ ဟောင်ဝစ်ဇာ လက်နက်ကြီးတွေ၊ လေယာဉ်ပစ် လက်နက်တွေနဲ့ စစ်လက်နက် ခဲယမ်း အများအပြား သိမ်းဆည်းနိုင်ခဲ့တာ ဖြစ်ပါတယ်။