စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ ရဲစခန်းမှ ရဲမိသားစုဝင်များ စစ်တပ်ကုန်းကို ပြောင်းရွှေ့သွားပြီး စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ကာ လေကြောင်းဖြင့် ဗုံးကျဲခြင်းများ ပြုလုပ်ခဲ့ကြောင်း Indaw Revolution – IR မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
နိုဝင်ဘာ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင်လည်း အင်းတော်မြို့ အနီးရှိ နန်းခင့်နှင့် နဘားအနောက်ဘက်ရှိ တောင်ကြားအတွင်းကို အကြမ်းဖက် စစ်တပ်က Jet Fighter ၂ စီးဖြင့် ပစ်ခတ်မှု ပြုလုပ်ခဲ့ပြီး တောထဲကို ကျရောက် ပေါက်ကွဲခဲ့သောကြောင့် ထိခိုက်သူမရှိကြောင်း သိရသည်။
ယင်းသို့ ပစ်ခတ်မှု ပြုလုပ်ပြီးနောက် ညပိုင်းတွင် အင်းတော်ရဲစခန်းမှ ရဲမိသားစုဝင်များက စစ်တပ် ကုန်းကို ပြောင်းရွှေ့သွားပြီး အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ကာ ကျော်ရွာသင်္ချိုင်း အနီး နှင့် နတ်မဟုတ်ကြီး-ကမ်းနီရွာ အနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။
“လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာ ။ တိုက်ပွဲလည်း မဖြစ်ဘဲနဲ့ သူတို့ လာသိမ်းမှာကြောက်ပြီး ပစ်ခတ်နေတာ။ လူထိခိုက်မှုတော့ မရှိဘူး။ အင်းတော်ရဲစခန်းက ရဲမိသားစုတွေ၊ လက်နက်တိုက်၊ ပိုက်ဆံတိုက်တွေလည်း အကုန် စစ်တပ်ကုန်းကို မနေ့က ပြောင်းထားတယ်” ဟု Indaw Revolution – IR မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။