စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ကို ယမန်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
နိုဝင်ဘာ ၃ရက်မှစတင်ပြီး စစ်ကိုင်းတိုင်းရှိ မြို့နယ်အများအပြားမှ စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဦးဆောင်သည့် စစ်ကိုင်းနွေဦးစစ်ကြောင်းများက တစ်ပြိုင်နက်တည်းတိုက်ခိုက်ခဲ့ရာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကောလင်းမြို့နှင့် တမူးမြို့နယ် ခမ်းပတ်မြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သည်။
“မနေ့က စစ်ကိုင်းတိုင်း ပင်လည်ဘူး မြို့ကို KIA+PDF သိမ်းပိုက်ထိန်းချုပ်လိုက်ပါပြီ”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် သေဆုံးထိခိုက်၊ လက်နက်ခဲယမ်းရရှိမှု အပါအဝင် စစ်ရေးဆိုင်ရာ အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ဒေသခံတစ်ဦးကလည်း တော်လှန်ရေးအဖွဲ့များက ပင်လည်ဘူးမြို့ကို ထိန်းချုပ်လိုက်ပြီဖြစ်ပြီး မကြာခင် တာဝန်ရှိသူများက သတင်းထုတ်ပြန်လိမ့်မည်ဟုပြောသည်။
ပင်လယ်ဘူးမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယမန်နေ့ညက အလံဖြူထောင်၍ လက်နက်ချလာခြင်းဟု People’s Spring ၏ သတင်းရင်းမြစ်ကပြောသည်။
“ညက စစ်သားတွေက မြို့ထဲက တံတားပေါ်ကို အလံဖြူထောင်ပြီးတက်လာတာ။ စစ်ဒေသက သတင်းထုတ်ဖို့ရှိပါတယ်” ဟု ၎င်းကဆက်ပြောသည်။
ယမန်နေ့ညက မြို့ကို PDFက သိမ်းယူပြီးနောက် စစ်ကောင်စီက ည ၈နာရီခန့်တွင်လေကြောင်းမှ နှစ်ကြိမ်
ဗုံးလာကြဲခဲ့ကြောင်း သတင်းရရှိသည်။
ပင်လယ်ဘူးမြို့ အရှေ့ဘက်တွင် ဝန်းသို ၊ တောင်ဘက်တွင်ကောလင်း၊ ကျွန်းလှ ၊ အနောက်ဘက်တွင် ဖောင်းပြင် ၊ မြောက်ဘက်တွင် ဗန်းမောက်မြို့နယ်တို့နှင့်ဆက်စပ်နေသည်။
ကသာခရိုင်အတွင်းတည်ရှိပြီး ၂၀၁၉ လူဦးရေ စာရင်းအရ ပင်လယ်ဘူး မြို့ပေါ်တွင်လူဦးရေ ၅၈၀၀ ဦးကျော်၊ ကျေးလက်တွင် လူဦးရေ ၇၉၀၀၀ ကျော်နေထိုင်သည်။
မြို့သိမ်းတိုက်ပွဲသတင်းများကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်လေ့ရှိပြီး ပင်လည်ဘူးမြို့ သိမ်းပိုက်နိုင်မှု အခြေအနေကို သတင်းထုတ်ပြန်မှု မတွေ့ရသေး၍ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။