ထီးချိုင့်မြို့ပေါ်ကို စစ်ကောင်စီက ဂျက်ဖိုက်တာသုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်ရာ သံဃာတော်အချို့နှင့်ပြည်သူအချို့ သေဆုံးထိခိုက်မှုရှိကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။
ထီးချိုင့်မြို့အမှတ်၁ ရပ်ကွက်ရှိ ရွှေဂူတောင်ဘုန်းတော်ကြီးကျောင်း နှင့်လျောင်းတော်မူဘုန်းတော်ကြီးကျောင်းကို ယနေ့ (နိုဝင်ဘာလ ၈ရက်) ညနေ ၄နာရီ ၅၀မိနစ်ခန့်တွင် ဂျက်ဖိုက်တာ သုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်သွားခြင်းဟု ဒေသခံများကပြောသည်။
“ဂျက်ဖိုက်တာ သုံးစီးကြဲသွားပြီ။ လူတွေထိခိုက်မှုရှိတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
“စကစမှ တိုက်လေယာဉ် ၃စီးဖြင့် ထီးချိုင့်မြို့ပေါ်အား လေကြောင်း တိုက်ခိုက်ရာ ရွှေဂူတောင်ဘုန်းတော်ကြီးကျောင်း နှင့်လျောင်းတော်မူဘုန်းတော်ကြီးကျောင်ရှိ သီတင်းသုံးနေသော သံဃာတော်များနှင့် ပြည်သူများ သေဆုံးကြောင်း ကနဦး သိရသည်” ဟု ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ညနေ ၅နာရီ ၂၅ မိနစ်တွင် သတင်းထုတ်ပြန်ထားသည်။
မြစ်ကြီးနားလေဆိပ်မှ တက်လာသော ဂျက်ဖိုက်တာသုံးစင်းဖြင့်ထီးချိုင့် မြို့ပေါ်ကိုဗုံးကြဲသွားခြင်းဟု တော်လှန်ရေးအင်အားစုများကအသိပေးထားသည်။