စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသများ တိုက်ပွဲများပြင်းထန်နေစဉ် တကောင်း-ထီးချိုင့်-အင်းတော် လမ်းပိုင်းအား ယနေ့ ညနေ သုံးနာရီမှစတင်ပြီးယာယီ ပိတ်လိုက်ပြီး ဖြတ်သန်းခွင့် မပြုတော့ကြောင်း တော်လှန်ရေးအင်အားစုများကထုတ်ပြန်သည်။
“ကာကွယ်ရေးဘက်က ထုတ်ပြန်တယ်။ မြို့ခံတွေက အစောကတည်းက ရှောင်နေကြတာ။ ဘာတွေဆက်ဖြစ်မလဲ မသိဘူး။ ကျတော်တို့ အရမ်းစိတ်လှုပ်ရှားနေပြီ” ဟု ထီးချိုင့်မြို့ခံတဦးကပြောသည်။
ထိုအပြင် တကောင်းမြို့နှင့် ထိစပ်နေသည့် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင်လည်း ဒေသခံများစစ်ရေးသတိပြုနေထိုင်ကြရန် သပိတ်ကျင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်းသတိပေးထားသည်။
ထီးချိုင့်မြို့တွင် စစ်ကောင်စီတပ်က နိုဝင်ဘာလ ၆ရက်ညမှစ၍ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေပြီး ယမန်နေ့ညက ထီးချိုင့်မြို့ဘောလုံးကွင်းအနီး လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည်။လက်နက်ကြီးကျရောက်မှုကြောင့်ထိခိုက်မှုရှိ ၊မရှိကိုမူ မသိရသေးပေ။
ယနေ့ညနေ ၃ နာရီခန့်မှစတင်၍ထီးချိုင့်မြို့တွင် သေနတ်ပစ်ခတ်သံများကြားနေရပြီး တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများကပြောသည်။