ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ အုမ္မခါးကျေးရွာအနီးမှာ သံချပ်ကာယာဉ် (၃)စီးနဲ့ စစ်ကူရောက် လာတဲ့ အကြမ်းဖက် စစ်တပ်ကို TNLA နဲ့ မန္တလေး PDFတို့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သံချပ်ကာ ၁စီးကို ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့ တအာင်းတပ်မတော် PSLF/TNLAက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၈ရက် ည ၉နာရီ ၄၅မိနစ်က အဲဒီအကြမ်းဖက် စစ်အုပ်စုကို တပ်မဟာ(၂)စစ်ဒေသ၊ နောင်ချိုမြို့နယ် အုမ္မခါးကျေးရွာအနီးမှာ တအာင်းတပ်မတော် PSLF/TNLA နဲ့ MDY PDF ပူးပေါင်းတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက် ခဲ့တာပါ။
တိုက်ခိုက်မှုအတွင်း သံချပ်ကာကား (၁)စီးကို ပစ်ခတ်ဖျက်ဆီး နိုင်ခဲ့တယ် ဆိုတာနဲ့ အကြမ်းဖက် စစ်သားတွေဟာ ကျန် (၂)စီးနဲ့ နောက်ပြန်ဆုတ်သွားခဲ့တယ်လို့ ဆိုပါတယ်။
မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ဖွဲ့ ဖော်ဆောင်နေတဲ့ အော်ပရေးရှင်း ၁၀၂၇ စစ်ဆင်ရေး ၁၃ရက်တာ ကာလအတွင်း အကြမ်းဖက် စစ်တပ်ရဲ့ တပ်စခန်းစုစုပေါင်း ၁၆၀နီးပါးကို တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ပြီး သံချပ်ကာယာဉ် ၈စီးနဲ့ လက်နက်ခဲယမ်းများစွာ ရရှိခဲ့ပါတယ်။