ရှမ်းပြည်မြောက်ပိုင်းအတွင်း အော်ပရေးရှင်း စစ်ဆင်ရေးတွေ အရှိန်အဟုန်မြှင့်လုပ်ဆောင်နေတဲ့ မြောက်ပိုင်းညီနောင် မဟာမိတ် ၃ဖွဲ့က KNDFနဲ့အတူအခြားသော တော် လှန်ရေး လက်နက် ကိုင်အဖွဲ့တွေနဲ့ ပူးတွဲစစ်ဆင်ရေးတွေကို တစ်နိုင်ငံလုံးအနှံ့ မကြာမီ ဆင်နွှဲတော့မယ်လို့ မြောက်ပိုင်း ၃ဖွဲ့က မနေ့က နိုဝင်ဘာ ၈ရက် ညပိုင်းက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အော်ပရေးရှင်း ၁၀၂၇ စစ်ဆင်ရေးကို အထောက်အကူဖြစ်စေဖို့အတွက် ကရင်နီပြည်နယ်ထဲမှာလည်း ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်က (၁၁၀၇ စစ်ဆင်ရေး) အမည်ပေးကြော်ငြာပြီး KNDF က စစ်ဆင်ရေးကို စတင်လိုက်ပါတယ်။
ဒါကြောင့် မြောက်ပိုင်းညီနောင် မဟာမိတ် ၃ဖွဲ့အနေနဲ့ KNDF အပြင် အခြား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့လည်း ဟန်ချက်ညီ ပူးတွဲစစ်ဆင်ရေးတွေကို တစ်နိုင်ငံလုံးအနှံ့ မကြာမီ ဆင်နွှဲသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေးစတဲ့ ဒီနေ့အထိ (၁၃) ရက်တာကာလအတွင်း မြောက်ပိုင်းညီနောင် မဟာမိတ် ၃ဖွဲ့ သိမ်းပိုက်ရရှိခဲ့ပြီးတဲ့ မြို့တွေကိုလည်း အလုံးစုံဆက်လက်ထိန်းချုပ်ထားနိုင်ပြီး အုပ်ချုပ်ရေးနဲ့ အပြီးသတ်အစားထိုးနိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေးရဲ့ စစ်ရေးမျှော်မှန်းချက်တွေထဲက စစ်အာဏာရှင်အမြစ်ပြတ်ရေးအတွက် စစ်ရေးဆင်နွှဲနေတာသာမက လောင်းကစားလိမ်လည်မှု (ကျဖျင်) ပပျောက်ရေးနဲ့ဆက်စပ်တဲ့ ကိစ္စရပ်တွေကိုလည်း သက်ဆိုင်ရာနယ်မြေတွေမှာ ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း မြောက်ပိုင်းညီနောင် မဟာမိတ် ၃ဖွဲ့က ပြောပါတယ်။
လက်ရှိအချိန်မှာ ရန်သူရဲ့ တစ်ခုတည်းသာ လုပ်နိုင်စွမ်းဖြစ်တဲ့ လေကြောင်းနဲ့ လက်နက်ကြီး အကြိမ်ကြိမ်ပစ်ခတ်တိုက်ခိုက်မှုတွေကို မြောက်ပိုင်းညီနောင် မဟာမိတ် ၃ဖွဲ့က ကြံ့ကြံ့ခံရင်ဆိုင်နေတယ်ဆိုတာနဲ့ စစ်ရေးရည်မှန်းချက်ပစ်မှတ်တွေကို ဟန်ချက်ညီစွာ ဆက်လက်ချေမှုန်းနေတယ်လို့ အသိပေးထားပါတယ်။