ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်၊ ပါစင်ကျော်ရွာဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင် ပြည်သူများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
နိုဝင်ဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် လောက်ကိုင်မြို့ပေါ်မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော ပါစင်ကျော်ရွာဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးကာ ပြည်သူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဒီနေ့ မွန်းလွဲပိုင်းက ပါစင်ကျော်ရွာဘုန်းကြီးကျောင်းဝင်းထဲ လက်နက်ကြီးကျလို့ အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး ပွဲချင်းပြီး သေဆုံးသွားတယ်။ လူကြီး ၂ ဦးကလည်း စိုးရိမ်ရတယ်။ လမ်းဖွင့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။ ပြည်သူတွေ တော်တော် ဒုက္ခရောက်နေလို့ပါ”ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
လောက်ကိုင်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေပြီး လောက်ကိုင်မြို့မှ ထွက်ခွာလာသော စစ်ဘေးရှောင် ပြည်သူများသည် ပါစင်ကျော်ရွာ အနီး ပိတ်မိနေကာ လမ်းဖွင့်ပေးရန် တောင်းဆိုလျက်ရှိကြောင်း ဒေသပြည်သူ တစ်ဦးက ဆက်လက်ပြောဆိုသည်။