ကောလင်းမြို့သိမ်း တိုက်ပွဲကို ထောက်ခံကြောင်း လူမှုကွန်ယက်မှာ မှတ်ချက်ရေးသူနဲ့ မန္တလေးမှာ စစ်အုပ်စုက ညမထွက်ရအမိန့် ထုတ်ပြီး ပေါ်တာဆွဲတယ်ဆိုတဲ့ သတင်းပြန့်နေချိန် လူမှုကွန်ယက်မှာ မှတ်ချက်ရေးသူ၊ စုစုပေါင်း မန္တလေးမြို့ခံ လူငယ် ငါးဦးထက်မနည်းကို စစ်အုပ်စုက ဖမ်းဆီးလိုက်တယ်လို့ စစ်လော်ဘီတွေက အောင်ပွဲခံ သတင်းဖြန့်ပါတယ်။
ကောလင်းမြို့သိမ်းတိုက်ပွဲ ကိစ္စနဲ့ မန္တလေးမှာ ပေါ်တာဆွဲတယ်ဆိုတဲ့ ကိစ္စအပေါ် ဖေ့စ်ဘွတ်ခ်လူမူကွန်ယက်မှာ မှတ်ချက်ရေးသူတွေကို စစ်အုပ်စုက ဖေ့စ်ဘွတ်အကောင့်တွေကတဆင့် နောက်ကြောင်းလိုက်ပြီးနောက် မန္တလေးမြို့ခံ အမျိုးသမီး နှစ်ဦးနဲ့ အမျိုးသား သုံးဦး၊ စုစုပေါင်း ငါးဦး ထက်မနည်းကို ဖမ်းဆီးတာ ဖြစ်ပါတယ်။
မန္တလေးမြို့မှာ မာရှလော ထုတ်တာ သေချာတယ်ဆိုပြီး နိုဝင်ဘာ(၇)ရက် ညပိုင်းက ဖေ့စ်ဘွတ်ခ်မှာ ပို့တင်ခဲ့သူ အမျိုးသားတစ်ဦးနဲ့ ပြည်ကြီးတံခွန်မြို့နယ်မှာ ကျူရှင်ဆရာတစ်ဦး ပေါ်တာဆွဲခံရတယ်လို့ မျှဝေထားသူတစ်ဦးကို စစ်အုပ်စုက ဒီနေ့ နိုဝင်ဘာ(၉)ရက်မှာ ဖမ်းဆီးတာ ဖြစ်ပါတယ်။
ဒါ့အပြင် ကောလင်းမြို့သိမ်းတိုက်ပွဲကို ထောက်ခံကြောင်း ဖေ့စ်ဘွတ်မှာ မှတ်ချက် ရေးသားခဲ့တဲ့ မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ်နေ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး၊ ပြည်ကြီးတံခွန်မြို့နယ်နေ အမျိုးသမီးတစ်ဦး၊ စုစုပေါင်း သုံးဦးကို နိုဝင်ဘာ(၇)ရက်နဲ့ (၈)ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ စစ်လော်ဘီတွေက အောင်ပွဲခံ သတင်းဖြန့်ပါတယ်။
“၅၀၅ နဲ့ အမှုဖွင့် ထားတယ်လို့ အကြောင်းကြားတယ်” လို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်သူက ပြောပါတယ်။
စစ်အုပ်စုဟာ အထက်ပါ မြို့ခံ လူငယ်တွေကို လိုက်လံ အနိုင်ကျင့် ဖမ်းဆီးရာမှာ အရပ်ဝတ် ပျူတွေကို သုံးပြီး ပျူတချို့က ကာဘိုင်သေနတ်တွေ ကိုင်ကာ အိမ်စီးကားတွေနဲ့ လာဖမ်းတာလို့ နီးစပ်သူတွေက ဆိုပါတယ်။ အဲ့ဒီ ပျူတွေဟာ လူကို အနိုင်ကျင့် ဖမ်းဆီးရုံမက အလွယ်တကူ လုယက် ယူဆောင်လို့ရတဲ့ တန်ဘိုးကြီး ပစ္စည်းတွေကိုလည်း လုယက်ယူဆောင်သွားလေ့ ရှိတယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ(၇)ရက်က စတင်ပြီး မန္တလေးမြို့မှာ စစ်အုပ်စုက ညမထွက်ရအမိန့် ထုတ်ပြန်ပြီး ပေါ်တာဆွဲနေတယ် ဆိုတဲ့ သတင်းကြောင့် ပြည်သူတွေ စိုးရိမ်ထိတ်လန့်ပြီး ညပိုင်း အပြင်မထွက်ရဲဘဲ ဖြစ်ခဲ့ပါတယ်။ စစ်အုပ်စုကတော့ အဲ့ဒီ သတင်းတွေဟာ အမှန်မဟုတ်ဘဲ ကောလာဟလ တွေသာ ဖြစ်တယ်လို့ မနေ့က စတင်ပြီး ဒီနေ့အထိ ရပ်ကွက်ထဲ မိုက်နဲ့လိုက်အော်ကာ ဖြေရှင်းနေပါတယ်။