စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မန်ကျည်းကုန်းကျေးရွာ အနီးမှာ အာဏာရှင် တော်လှန်ရေး ပြည်သူ့တပ်မတော် (ADPRA) နဲ့ ဒေသခံ ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့ မနေ့က ည ၉ နာရီမှာ စစ်ကောင်စီ တပ်ကြပ်ကြီး တစ်ဦးကို လက်နက်နဲ့အတူ ဖမ်းဆီးရမိ ခဲ့တယ်လို့ သိရပါတယ်။
ADBRA နဲ့ ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ နိုဝင်ဘာ ၉ ရက်၊ ညပိုင်း မန်ကျည်းကုန်းကျေးရွာ အနီး ကင်းလှည့်နေစဥ် မုံရွာ အခြေစိုက် အမှတ် (၇၄၇) စစ်လက်နက် ပစ္စည်းတပ်ခွဲက တပ်ကြပ်ကြီး အောင်ဝင်း ကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ တပ်ကြပ်ကြီးဟာ ခိုသန်းရွာအနီးမှာ ဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာက လူစုကွဲ ထွက်ပြေးသွားသူ ဖြစ်တယ်လို့ ADBRA က ထုတ်ပြန်ထားပါတယ်။
ADBRA နဲ့ ပူးပေါင်းအဖွဲ့တွေဟာ မနေ့က ညနေ ၄ နာရီ ဝန်းကျင်မှာ မုံရွာ အခြေစိုက် နမခ စစ်ဌာနချုပ်က ထွက်လာတဲ့ စစ်ကောင်စီ အင်အား ၂၇ ဦးပါ စစ်ကြောင်းကို ခိုသန်းရွာအနီးမှာ မိုင်းဆွဲ တိုက်ခိုက်ရာက တိုက်ပွဲဖြစ်ခဲ့ရာ အဆိုပါ စစ်တပ် စစ်ကြောင်းဟာ လူစုကွဲ ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။