ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့မှာ ဒီနေ့ နိုဝင်ဘာလ ၁၁ ရက်၊ မနက် ၁၀ နာရီ ဝန်းကျင်က စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပြည်သူ ၂ ဦးသေဆုံးပြီး ၁ဝ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးဗြဲမြို့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ၀င်ရောက် တိုက်ခိုက်ရာက တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီက အခုလို ဘုန်းကြီးကျောင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
“လက်နက်ကြီးကြောင့်ပါ။ လယ်တီကျောင်းမှာ စစ်ရှောင်တဲ့ ပြည်သူထဲက ၁၀ ယောက်ထိ၊ ၂ ဦးသေဆုံး အခုလက်ရှိပေါ့။ တိုက်ပွဲက မပြီးသေးပါဘူး” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
လက်ရှိ မိုးဗြဲမြို့ပေါ် ညောင်ဝိုင်းရပ်ကွက်ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားပြီး စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲနေသလို လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ သိရပါတယ်။
ဒီကနေ့ ဖြစ်ပွားတဲ့ တိုက်ပွဲ အတွင်း စစ်ကောင်စီတပ် ထိခိုက် သေဆုံးမှု များပြားနေပြီး တိုက်ပွဲ ဆက်လက် ပြင်းထန် နေတယ်လို့ ဆိုပါတယ်။
အထိနာနေတဲ့ စစ်ကောင်စီတပ်က မြို့မရပ်ကွက်မှာရှိတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့သွားခဲ့တယ်လို့ ကနဦး သိရပါတယ်။