ကရင်နီပြည်နယ်မှာ၊ ကရင်နီ အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့-KNDF နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်တဲ့ ဒီကနေ့ နိုဝင်ဘာ ၁၁ ရက် စစ်ဆင်ရေး အတွင်း စစ်ကောင်စီတပ်စခန်း ၇ ခု သိမ်းပိုက် ရရှိခဲ့တယ်လို့ ညီနောင်မဟာမိတ် ပြန်ကြားရေးက ထုတ်ပြန်လိုက်ပါတယ်။
လွိုင်ကော်မြို့အနီးက စစ်ကောင်စီတပ်စခန်းတွေကို ဒီကနေ့ မနက် ၆ နာရီခန့်ကစပြီး တော်လှန်ရေး ပူးပေါင်းတပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီကနေ့ မနက်ပိုင်း တိုက်ပွဲတွေ အတွင်း လွိုင်ကော်၊ ဒီးမော့ဆို၊ နန့်မယ်ခုံ၊ နန့်စံခမ်း ဒေသတွေက စစ်ကောင်စီ တပ်စခန်း ၇ ခု သိမ်းပိုက်ရရှိပြီး ကျန်စခန်းတွေကို သိမ်းယူနိုင်ဖို့ ဆက်လက် တိုက်ပွဲဝင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီစခန်းသိမ်း တိုက်ပွဲတွေ အတွင်း စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုနဲ့ လက်နက်ခဲယမ်း ရရှိမှု အခြေအနေကိုတော့ မဲခေါင်သတင်းဌာန အနေနဲ့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ရှမ်းမြောက်ဒေသ ၁၀၂၇ စစ်ဆင်ရေးနဲ့ ဟန်ချက်ညီစေဖို့ KNDF အပါအ၀င် ဒေသခံ တော်လှန်ရေးတပ်တွေ ပါဝင်တဲ့ 4K တပ်ပေါင်းစုက အော်ပရေးရှင်း ၁၁၁၁ စစ်ဆင်ရေး အဖြစ် ကရင်နီပြည်နယ် အတွင်း ဒီကနေ့ စတင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ ၁၁၁၁ စစ်ဆင်ရေးဟာ ဆက်လက် ပြင်းထန်လာနိုင်တာကြောင့် တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေဖြစ်တဲ့ လွိုင်ကော်- ဒီးမော့ဆို၊ မိုးဗြဲ၊ ဆီဆိုင် လမ်းပိုင်းတွေကို ပြည်သူတွေ ဖြတ်သန်းသွားလာမှု မပြုလုပ်ကြဖို့ KNDF က အသိပေး ထုတ်ပြန်ထားပါတယ်။