စစ်ကောင်စီ လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် မဟာမိတ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)များကို ပြန်လည်ခုခံခြင်းမပြုဘဲ အလံဖြူထောင် အလင်းဝင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်း ပြောကြားလိုက်သည်။
ယနေ့ (နိုဝင်ဘာ ၁၁ရက်) ညနေ ၆နာရီတွင် ယာယီသမ္မတက နိုင်ငံတော်၏ လက်ရှိ အခြေအနေများနှင့် ပတ်သက်ပြီးပြည်သူလူထုသို့အသိပေးသည့်မိန့်ခွန်းပြောကြားရာ၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“အခုအချိန်ဟာ အကြမ်းဖက်စစ်ကောင်စီတပ်အတွင်းမှာ အတော့်ကို သွေးပျက်ခြောက်ခြား နေတဲ့ အချိန်အခါဖြစ်ပါတယ်။ ဒါကြောင့် စစ်တပ်အတွင်းက ပြုပြင်ပြောင်းလဲရေးကို လိုလားတဲ့ အရာရှိ၊ အရာခံ ၊ အကြပ်တပ်သားတွေနဲ့ ပြည်သူ့ရဲ တပ်ဖွဲ့များအနေနဲ့ ပကတိ အရှိတရားအပေါ် အခြေခံပြီး လေးနက်စွာ စဉ်းစားတွေးခေါ်ဆုံးဖြတ်ကြပါ။ မဟာမိတ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ပြန်လည်ခုခံခြင်းမပြုဘဲ အလံဖြူထောင်ပြီး ပြည်သူ့ထံမှာ အလင်းဝင်ကြပါ။မဟာမိတ်များနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံမှာ အလံဖြူထောင် လက်နက်ချခြင်းဟာ အရှုံးပေးတာ မဟုတ်ဘဲ လုပ်သင့်လုပ်ထိုက်တဲ့ အမှန်တရားအတိုင်း ရပ်တည်လုပ်ဆောင်နေခြင်းပဲဖြစ်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။
စစ်ကောင်စီကို ယခုထိ အထောက်အကူပြုပေးနေသည့် စီးပွားရေးလုပ်ငန်းရှင်များ၊ Non CDM အရပ်ဘက်ဝန်ထမ်းများ အနေဖြင့်လည်း အခြေအနေမှန်ကို သဘောပေါက်ပြီး မှန်ကန်သည့်ဘက် အချိန်မီ ပြောင်းလဲရပ်တည်ကြရန် တိုက်တွန်းထားသည်။
“နစ်မြုပ်တော့မယ့် လှေပေါ်မှာ လူဖြစ်ရှုံးခံ ဂုဏ်သိက္ခာ မကျန် အသက်ဆုံးရှုံးခံပြီး လိုက်ပါနေအုံးမှာလားဆိုတာ ပြန်လည်စဉ်းစားဆင်ခြင်ကြဖို့ တပါတည်း တိုက်တွန်းပါတယ်”ဟု ယာယီသမ္မတက ပြောသည်။
အကြမ်းဖက်မင်းအောင်လှိုင်နှင့် စစ်အုပ်စုသည် တိုင်းရင်းသားပြည်သူများကို ၎င်းတို့ အာဏာတည်မြဲရေးအတွက် မြှူဆွယ်ဖြောင့်ဖျနေကြောင်း၊ ပြည်သူ့စစ်အဖြစ် ပါဝင်ကြရန် မြှူဆွယ်လျက်ရှိနေကြောင်း၊ အကြမ်းဖက် မင်းအောင်လှိုင်နှင့် စစ်အုပ်စု လက်ပါးစေများဖြစ်သည့် ပြည်သူ့စစ်အဖွဲ့ဝင်များလည်း အမြန်ဆုံး ပြည်သူလူထုနှင့်အတူ ရပ်တည်ကြရန် အထူးသတိပေးကြောင်း ယာယီသမ္မတက ပြောသည်။
ပြည်သူများကို အထူးအသိပေးလိုသည်မှာ အကြမ်းဖက်စစ်ကောင်စီဟာ မြေပြင်တိုက်ပွဲများ၌ အထိနာဆုံးရှုံးမှုများ ကြုံတွေ့လာရတိုင်း အရပ်သားများကို လက်နက်ကြီးဖြင့် တိုက်ခိုက်ခြင်း လေကြောင်း တိုက်ခိုက်ခြင်းလုပ်ဆောင်လေ့ရှိကြောင်း၊ စစ်ကောင်စီသည် ပြည်သူအပေါ် ရက်စက် ကြမ်းကြုတ်သည့် လုပ်ရပ်များ လုပ်ဆောင်လေ့ရှိ၍ အထူးသတိပြုရန် ယာယီသမ္မတက မှာကြားသည်။
“ဖက်ဆစ်စစ်တပ်ဟာ သူတို့ အထိနာဆုံးရှုံးလာတိုင်း ပြည်သူတွေ အပေါ် ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေ ကျူးလွန်လေ့ရှိပါတယ်။ ဒါကို အထူးဂရုပြုပြီး လုံခြုံရေးသတိ အမြဲမပြတ်ရှိကြဖို့တိုက်တွန်းလိုပါတယ်”ဟု ယာယီသမ္မတက ပြောကြားခဲ့သည်။