ချင်းပြည်နယ်၊ ဟွာလ်ငိုးဒေသအတွင်းရှိ စစ်ကောင်စီဝန်ထမ်းများ နိုဝင်ဘာ ၃၀ ရက်နောက်ဆုံးထား၍ CDM ပြုလုပ်ကြရန် CDF-ဟွာလ်ငိုးနှင့် ဟွာလ်ငိုး CDMဌာနတို့က သတိပေးထုတ်ပြန်သည်။
ဟွာလ်ငိုးဒေသအတွင်း စစ်ကောင်စီထောက်ခံသူနှင့် Non CDM ဝန်ထမ်းများ ကင်းစေရန်အတွက်ဖြစ်သည်ဟုလည်း ဆိုသည်။
CDM ပြုလုပ်ခြင်းမရှိသော စစ်ကောင်စီဝန်ထမ်းများအနေဖြင့် ဟွာလ်ငိုးဒေသအတွင်း နေထိုင်ခွင့်ပြုမည် မဟုတ်သလို ဖြတ်သန်းသွားလာခွင့်လည်း ပြုမည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ နိုဝင်ဘာ ၃၀ ရက်နောက်ပိုင်းတွင် Non-CDM ဝန်ထမ်းများကို ပြင်းထန်စွာအရေးယူသွားမည်ဟုလည်း ဆိုသည်။
“ဒီအချိန်မှာ စစ်ကောင်စီက ဝန်ထမ်းတွေကို အကာအကွယ်ပေးဖို့ မတတ်နိုင်တော့ပါဘူး။ အချိန်မီ ပြည်သူပူးပေါင်းကြဖို့တိုက်တွန်းပါတယ်”ဟု ဟွာလ်ငိုးဒေသမှ CDM ကျောင်းဆရာမတစ်ဦးက ပြောသည်။
လက်ရှိအချိန်ထိ ဟွာလ်ငိုးဒေသအတွင်း Non-CDM ဝန်ထမ်း ၆၀ရာခိုင်နှုန်းရှိသည်ဟုလည်း သိရသည်။
ဟွာလ်ငိုးဒေသသည် ဖလမ်းနှင့် တီးတိန်မြို့နယ်ကြားတွင်ရှိသည်။ CDF-ဟွာလ်ငိုးသည် အဆိုပါ ဒေသအတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တစ်ခု ဖြစ်သည်။