ကရင်နီတွင် တိုက်လေယာဉ်တစ်စီးကို ယမန်နေ့ တော်လှန်ရေးတပ်ဖွဲ့များက ပွိုင့်ဖိုက်လက်နက်ဖြင့် ပစ်ချ၍ ပျက်ကျမှုကို စက်ချို့ယွင်း၍ ပျက်ကျခြင်းဖြစ်သည်ဟု အကြမ်းဖက်စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်း ဗြောင်လိမ်လိုက်သည်။
“ကယားပြည်နယ်ဘက်မှာ လေ့ကျင့်ရေး အပေါ့စား တိုက်ခိုက်ရေး လေယာဉ်တစ်စီး စက်ချို့ယွင်းမှုကြောင့် ပျက်ကျခဲ့တာရှိတယ်။လေယာဉ်မှူး၊ တွဲဖက် လေယာဉ်မှူးနဲ့ ဆက်သွယ်မှု ရရှိထားပါတယ်” ဟု အကြမ်းဖက် ပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်းက ပြောဆိုသည်။
ကရင်နီပြည်နယ်တွင် စစ်ကောင်စီ၏ တိုက်လေယာဉ်ကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ချနိုင်ခဲ့ပြီး ပျက်ကျသွားသော တိုက်လေယာဉ်မှ လေယာဉ်မှူး ၂ ဦးကို စစ်ကောင်စီက ရဟတ်ယာဉ်များဖြင့် ရှာဖွေနေကြောင်း ကရင်နီတပ်မတော် KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့အတည်ပြုပြောဆိုသည်။
ယမန်နေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းတွင် ဖရူဆိုအနီးတွင် စစ်ကောင်စီ၏ တိုက်လေယာဉ်ကို ပစ်ချနိုင်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်သည့် လက်နက်ကိုပါ အတည်ပြုထားကြောင်း သိရှိရသည်။
KNDF ၏ ထုတ်ပြန်ချက်တွင် စစ်ကောင်စီ၏ တိုက်လေယာဉ်ကို ပွိုင့်ဖိုက်လက်နက်ဖြင့် ပစ်ချလိုက်ခြင်းဖြစ်ပြီး အဆိုပါ ပစ်ချသည့် ရုပ်သံကိုလည်း KNDF က ထုတ်ပြန်ထားသည်။