စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်-ဆားလင်းကြီးမြို့နယ် အစပ်တွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၇ ဦးသေဆုံးကာ စစ်တပ်က အေးကုန်းရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဆားလင်းကြီးမြို့နယ်မှ ပုလဲမြို့နယ် ကျားတက်စံပြရွာကို သွားရောက်စဥ် လမ်းပိုင်း တစ်နေရာ၌ တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိတွေ့ တိုက်ပွဲအတွင်း စစ်သား ၇ ဦးသေဆုံးပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းက အနီးအနားရှိ အေးကုန်းရွာကို ဝင်ရောက် စီးနင်းကာ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး တိုက်ပွဲအတွင်း သေဆုံးခဲ့သော စစ်သား အလောင်းများကို နေအိမ်များထဲထည့်ကာ မီးရှို့ ဖျက်ဆီးသွားကြောင်း သိရှိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပုလဲမြို့နယ် ကျားတက်စံပြရွာကို ရောက်ရှိလာစဥ် တော်လှန်ရေး တပ်ဖွဲ့များနှင့် ထပ်မံ တိုက်ပွဲဖြစ်ပွားပြီး လက်ရှိချိန်ထိ ကျားတက်စံပြရွာ၌ တပ်စွဲထားကြောင်း သိရသည်။
“စစ်ခွေး စစ်ကြောင်းက ပုလဲမြို့နယ်ကနေ ကျားတက်စံပြရွာ အသွား လမ်းမှာ ပစ်ခတ်ခံရပြီး မိုင်းဆွဲခံရတာ သူတို့ထိလို့ အနီးအနားက အေးကုန်းရွာကို စခတွေက မီးဝင်ရှိုး ပြီး ကျားတက်စံပြရွာ အသွားမှာ တိုက်ပွဲထပ်ဖြစ်တာ သူတို့ စစ်ခွေးအလောင်းတွေလည်း နေအိမ်တွေထဲ ထည့်ပြီး မီးရှို့သွားတယ်လို့ သိရတယ်။ ကျားတက် စခန်းမှူး သေတယ် လို့လည်း ကြားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။