စစ်ကိုင်းတိုင်း၊ ကသာခရိုင်အတွင်းမှာ ပါဝင်တဲ့ ဗန်းမောက်မြို့နယ်၊ မြစ်သေးချင်းရွာနဲ့ ဆင်ကန်ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ PDF တို့ မနေ့ နိုဝင်ဘာ ၁၁ ရက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီး ၁ ဦးအပါ ၅ ယောက်သေဆုံးခဲ့ကာ လက်နက်တွေ သိမ်းမိတယ်လို့ သိရပါတယ်။
ကသာခရိုင် PDF အမှတ် (၄) တပ်ရင်းက ဒေသတွင်း နယ်မြေရှင်းလင်းစဉ် အင်အား ၅၀ ခန့်ပါတဲ့ စစ်ကောင်စီတပ်မ ၇၇၊ လက်အောက်ခံတပ် ခမရ ၈ တို့ နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရေးချုပ်ရုံးက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
တိုက်ပွဲဟာ နေ့လယ်ပိုင်းမှာဖြစ်ပွားခဲ့ပြီး ကသာခရိုင် တပ်ရင်း(၁) နဲ့ ဗန်းမောက် ပ.က.ဖ တို့က စစ်ကူပေးခဲ့ရပါတယ်။ အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဗိုလ်ကြီး ၁ ဦး၊ တပ်ကြပ် ၁ ဦးနဲ့ တပ်သား ၃ ဦး စုစုပေါင်း ၅ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
PDF သိမ်းမိတဲ့ လက်နက်တွေမှာ MA-1 (၁) လက်၊ MA-2 (၁) လက်၊ MA-4 (၂) လက်၊ MA-5 (၂) လက်၊ 5.56 ကျည် (၆၂၆) တောင့်၊ ငါးကြင်းမြီးကျည် (၁၀) တောင့်၊ ၉ မမ ကျည် (၁၂) တောင့်၊ ၄၀ မမ ကျည် (၁၈) လုံး၊ MA ကျည်ဘောက် (၂၀) ခု၊ MA 2 ကျည်ဘောက် (၁) ခု၊ စကားပြောစက် (၆) လုံး၊ ကျည်ကာ (၃) ခု၊ ခါးပတ် (၅) ခု၊ ဘေးလွယ်အိတ် (၄) ခု၊ နာရီ (၂) လုံး၊ လက်ကိုင်ဖုန်း (၂) လုံး၊ အထိုင်ဖုန်း (၁) လုံး၊ ကီးပက်ဖုန်း (၁) လုံး၊ ပါဝါဘန့် (၁) လုံး ၊ ရေဘူး (၁) ဘူး၊ စစ်ဦးထုတ် (၁) လုံး၊ ကတ်သီး (၁) ခုတို့ဖြစ်တယ်လို့ သိရပါတယ်။