အသုံးမပြုရသေးတဲ့ စစ်ကောင်စီထုတ် ဗုံးသီးနဲ့ ကျည်ဆံတွေကို ပလမြို့က လယ်ကွင်းတစ်နေရာမှာ ဒေသခံတချို့ ဒီကနေ့ မွန်းလွဲပိုင်းမှာပဲ တွေ့ရှိခဲ့ကြပါတယ်။
လယ်ထဲဆင်းတဲ့ ဒေသခံတစ်ဦးတွေ့ရှိခဲ့တဲ့ အဲ့ဒီပစ္စည်းတွေက အီနဂါဗုံးသီးတစ်လုံး၊ ကျည်ဘောက် ၁ ခုနဲ့ ကျည် ၂၁ တောင့်တို့ ပါဝင်ပါတယ်။
“ဒီလိုကောက်ရတာမျိုးထက် နယ်မြေရှင်းလင်းရင်းတွေ့တာပဲ ဖြစ်လေ့၊ ဖြစ်ထရှိပါတယ်။ ပလလယ်ကွင်းက တိုက်ပွဲခဏခဏဖြစ်တတ်လို့ တိုက်ပွဲအတွင်း ကျကျန်ခဲ့တာဖြစ်ဖို့များတယ်။” လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းက ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ပြောပါတယ်။
ကောက်ရတဲ့ အီနဂါဗုံးသီးဟာ စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံကထုတ် ဖြစ်သလို ကျည်ဘောက်ကလည်း စစ်ကောင်စီရဲ့ MA စီးရီးရိုင်ဖယ်မှာ အသုံးပြုတဲ့ကျည်ဘောက်ဖြစ်တယ်လို့ ဆိုပါတယ်။
ကောက်ရတာတွေက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပစ္စည်းတွေ မဟုတ်ဘူးလို့လည်း ကိုအာနိုးက အတည်ပြုပြောပါတယ်။
တွေ့ရှိတဲ့ ဗုံးသီးနဲ့ကျည်ဆံတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းက သိမ်းယူထားတယ်လို့ ပြန်ကြားရေးတာဝန်ရှိသူဆီကနေ သိရပါတယ်။
ပလမြို့ဟာ စစ်အုပ်ချုပ်ရေးဒေသ ပုလောမြို့နယ်ထဲမှာ ရှိတဲ့ မြို့တစ်ခုဖြစ်ပြီးတိုက်ပွဲဖြစ်စဉ်တွေနဲ့ မြေမြုပ်မိုင်း ပေါက်ကွဲမှုတွေကြောင့် အရပ်သားတွေပါ ထိခိုက်မှုရှိတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။
ဒါပေမယ့် နယ်မြေရှင်းလင်းရေးကာလမဟုတ်ဘဲ အခုလိုကောက်ရတာကတော့ ပထမဦးဆုံးဖြစ်စဉ် ဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။