မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် ကင်းလှည့်နေသော စစ်ကောင်စီတပ်အား ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်မှုရှိကြောင်း Wundwin Township Revolution Force အဖွဲ့၏ တာဝန်ခံက ပြောသည်။
ယနေ့ (နိုဝင်ဘာ ၁၂ရက်)နံနက် ၇နာရီခန့်က သာစည်မြို့နယ်၊ မြောင်ဦးကျေးရွာ တံတားအနီးတွင် ဆိုင်ကယ်နှစ်စီးဖြင့် ကင်းလှည့်နေသော ရဲနှင့်စစ်ကောင်စီတပ်သား လေးဦးအားပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း WTRFအဖွဲ့၏ တာဝန်ခံက ပြောသည်။
“ရှေ့ဆိုင်ကယ် ပေါ်ကနှစ်ကောင်က ချက်ချင်းသေတယ်။ နောက်ဆိုင်ကယ်ပေါ်က တစ်ကောင်က ခုကြားတာ ဆေးရုံရောက်မှသေတာကြားတယ်။ ဗိုလ်ကောင်ကတော့ ကျည်ကာတွေနဲ့ဆိုတော့ အောက်ပိုင်းနှစ်ချက်လောက် ထိခံထားရတယ်။ လက်နက်မရခဲ့ဘူး။ မသေသေးတဲ့ကောင်က ပြန်ပစ်နေလို့ ပြန်ဆုတ်လာခဲ့ရတယ်။”ဟု WTRFအဖွဲ့၏ တာဝန်ခံက ပြောသည်။
သို့သော် ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
စစ်ကောင်စီတပ်က အခင်းဖြစ်ပွားရာအနီး ဆိုင်ကယ်ဖြင့် မောင်းနင်လာသည့် လူငယ်တစ်ဦးအား သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း Voice Of Wundwin အဖွဲ့က ပြောသည်။
“အပစ်ခံရတဲ့သူက ထနောင်းကန်ရွာသား။ လေးချက်ထိထားတယ်ပြောတယ်။ မသေသေးဘူးဆေးရုံမှာရောက်နေတယ်လည်း ကြားနေရပါတယ်”ဟု Voice Of Wundwin အဖွဲ့တာဝန်ရှိသူက ပြောသည်။
ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်သည် သာစည်မြို့နယ်အရှေ့ခြမ်းဘက်ရှိ ကျေးရွာများအား ဝင်ရောက်မွှေနှောက်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
WTRF အဖွဲ့သည် နိုဝင်ဘာ ၆ ရက် ညနေပိုင်းကလည်း ဝမ်းတွင်းမြို့နယ်ရှိ ပင်းတလဲရဲစခန်းအား လက်နက်ကြီးသုံးလုံး ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။