ကရင်နီပြည်နယ် ဒီမောဆိုမြို့နယ် နန်းစံခမ်း စခန်းသိမ်းပိုက်စဉ် ကရင်နီတော်လှန်ရေးအဖွဲ့အစည်းများက သိမ်းပိုက်ရရှိသော လက်နက်များနှင့်စစ်သုံ့ပန်းများ မှတ်တမ်းဓာတ်ပုံကိုအမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ဖော်ပြသခဲ့သည်။
NUG ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည့် နမ်းစံခမ်းစခန်းသိမ်းတိုက်ပွဲ ဓာတ်ပုံမှတ်တမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ဦးထက်မနည်းကိုဖမ်းဆီးရရှိခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ ၁၅လက်ထက်မနည်း၊ ကျည်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့သည်ကို တွေ့ရသည်။
ယမန်နေ့ (နိုဝင်ဘာ ၁၁ရက်)က ပြုလုပ်ခဲ့သည့် ကရင်နီ ၁၁.၁၁ စစ်ဆင်ရေး (11.11 Operation) တွင်စစ်ကောင်စီတပ်စခန်း ၇ခုသိမ်းပိုက်ထားနိုင်ခဲ့ခြင်းဖြစ်သည်။
ကရင်နီတပ်မတော်(KA)၊ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၊ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(KNPLF)၊ ဒီးမော့ဆို PDF(DMO- Local PDF)၊ မြို့ပြပျောက်ကြားတပ်တို့နှင့်အတူ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရှမ်းတောင်-ကယား(ကရင်နီ) စစ်တိုင်းဌာနမှ စစ်ဆင်ရေးကိုပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါစစ်ဆင်ရေးတွင် လွိုင်ကော် ၊ မိုးဗြဲ၊ ဖယ်ခုံ၊ ဖရူဆိုနှင့်ရှမ်းတောင် PDF တပ်ရင်းများ ပူးပေါင်းဆင်နွှဲလျက်ရှိကြောင်းထုတ်ပြန်သည်။