မုံရွာမြို့နယ် တိုက်နယ်တစ်ခုအတွင်းကကျေးရွာတွေမှာ ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ကျေးရွာပြည်သူ့ ကာကွယ်ရေး အဖွဲ့တွေကို ပြည်သူလူထုက တင်မြှောက်သူတွေနဲ့ ဖွဲ့စည်းခဲ့တယ်လို့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၊ မုံရွာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့မှာ သတင်းထုတ်ပြန်ထား ပါတယ်။
ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ကျေးရွာပြည်သူ့ ကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းတာကို နိုဝင်ဘာ ၁၂ ရက်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး မြို့နယ်ဆက်သွယ်ရေးတာဝန်ခံ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်နယ်မှူး၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ တိုက်နယ်မှူးတို့ တတ်ရောက်ခဲ့ကြပြီး ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ပုဂ္ဂိုလ်တွေနဲ့ အတည်ပြု ဖွဲ့စည်းပေးခဲ့တာပါ။
အဲဒီနောက် အဆိုပါတိုက်နယ်အတွင်းရှိ ကျေးရွာ(၆)ခုမှ စစ်ဘေးရှောင်ပြည်သူ (၅၀၀)ကျော်အတွက် မြို့နယ်လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး တာဝန်ခံကိုယ်စား မြို့နယ်ဆက်သွယ်ရေးတာဝန်ခံက ဆန် ၈ အိတ် ကူညီထောက်ပံ့ပေးခဲ့ပြီး တောကျွဲကြီးမြို့ပြပြောက်ကျားတပ်ဖွဲ့ကလည်း ဆန် ၂အိတ်၊ ဆီ ၁၀ ပိဿာ၊ ခေါက်ဆွဲခြောက် ၂ဖာတို့ကို ကူညီလှူဒါန်းခဲ့တယ်လို့ မုံရွာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။